သံလွင်ခက်
ဒီဇင်ဘာ ၆၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် ပြစ်မှုကျူးလွန်သူ ၁၄ဦးအနက် ၆ဦးကို လူမြင်ကွင်းတွင် သေဒဏ်ပေးခဲ့သည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA က ထုတ်ပြန်သည်။
စစ်သားအယောင်ဆောင်ကာ လက်နက်ကိုင် ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုတို့ကို ကျူးလွန်သူများအား သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့ နံနက် ၈နာရီတွင် လောက်ကိုင်မြို့၌ တရားစီရင်ခြင်းညီလာခံကိုကျင်းပခဲ့ပြီး သံသယရှိသူ ၂၁ဦးအနက် ပြစ်မှုကျူးလွန်သူ ၁၄ ဦးကို ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်နိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
MNDAA က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၎င်းတို့ထိန်းချုပ်ရာဒေသများတွင် သေဒဏ်နှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည့်ပြစ်မှုများကို ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်နေ့ကလည်း လောက်ကိုင်မြို့တွင် MNDAA တပ်ဖွဲ့၏ ခရိုင်မှူးအဆင့်ရှိသူ တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်သုံးဦးကို လူသတ်ပြန်ပေးဆွဲမှုတွင် ပါဝင်သည်ဟုဆိုကာ လူမြင်ကွင်းတွင် သေဒဏ်ပေးခဲ့သည်။
ဓာတ်ပုံ-MNDAA