ထွယ်
အောက်တိုဘာ ၁၉၊ ၂၀၂၄။
စစ်ကောင်စီတပ်က ယနေ့နံနက် အစောပိုင်း ၁ နာရီကျော်ခန့်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ နှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများ ထံက သိရသည်။
မိတ္ထီလာလေတပ်စခန်းမှ ထွက်ခွာလာသည့် ဂျက်လေယာဉ်သည် လိုင်ဇာမြို့အနီးရှိ လမိုင်ယန်ကျေးရွာနှင့် ဗိုလ်လောင်းကျောင်းအနီးတွင် ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လမိုင်ကျေးရွာရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု အတူနေ ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
“အိမ်တည့်တည့်ကို ကျတာ၊ လင်မယားနှစ်ယောက်တစ်စစီလွင့်သွားကြတာ၊ ပွဲချင်းပြီးပဲအဲ့နေရာမှာ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူနှစ်ဦးသေဆုံးခဲ့အပြင် နေအိမ်တွင် မွေးမြူထားသည့် နွား ၃ ကောင်လည်း သေဆုံးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါလမိုင်ယန်ကျေးရွာသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အပြင် စစ်စခန်းနှင့် နီးစပ်သည့် နယ်မြေလည်းမဟုတ်ဟု ဒေသခံများထံက သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်က လိုင်ဇာအနီးသို့ လေကြောင်းပစ်ခတ်တိုက်ခိုက်စဉ် တရုတ်ပြည်ဘက်ခြမ်းမှလည်း အချက်ပြမီးများဖြင့် အချက်ပြခဲ့သည်ဟု လိုင်ဇာမြို့တွင် နေထိုင်သည့် ဒေသခံများက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင် ဦးဇခုန်တိန်ယိမ်း ဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ် တပ်မတော် – NDAK နယ်ခြားစောင့်တပ် – BGF ဌာနချုပ် တည်ရှိရာ ကချင်အထူးဒေသ – ၁ ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သည် ယခုကဲ့သို့ လိုင်ဇာမြို့အနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။