(နောက် ၁ ရက်အတွင်း ၃ ပေခန့် မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိမည်)
မေသံလွင်
စက်တင်ဘာ ၁၁ ၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေမြင့်တက်လာသဖြင့် ဒုတိယအကြိမ် ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများထံက သိရသည်။
ယမန့်နေ့ ညနေပိုင်းကစပြီး မြဝတီမြို့ အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ ရပ်ကွက်များအတွင်းရှိ မြေနိမ့်ပိုင်းနေရာများကို ရေစတင်ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် မြို့လည်ခေါင်ထိ ရေများဝင်ရောက်နေပြီဖြစ်သည်ဟု မြဝတီဒေသခံတစ်ဦးက သံလွင်ခက် သတင်းဌာနကို ပြောသည်။
“မနေ့ညနေကနေ တစ်ရှိန်ထိုးတက်လာတာ ခုချိန်ထိပေါ့။ မြို့လယ် ရွှေမြင်းဝန်ဘုရားကြီးထိကို ရေကတက်နေတာ။ လွန်ခဲ့တဲ့ တစ်လကျော်ကြီးတာနဲ့ ဒီလကြီးတာ ကွာသွားတာက ဒီလက ရွှေမြင်းဝန်ဘုရားထိ ရောက်သွားတာ” ဟု ဆိုသည်။
လက်ရှိတွင် ရေဘေးသင့်ဒေသခံများအနေဖြင့် နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် ဓမ္မစကူးကျောင်းများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံက သိရသည်။
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ၁၀ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်ရက်အတွင်း ၃ ပေခန့် မြင့်တက်လာနိုင်သည်ဟု စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့၌ ထုတ်ပြန်ထားသည်။
မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်လည်း မိုး/ဇ လက အကြံပြုတိုက်တွန်းထားသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေတက်လာသည့်အတွက် မြဝတီ မြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။