![]()
မူယန်း/မတ် ၂၅။ ပုံ – စစ်ရှောင်များကို ” မေမေ့ရေအလှူ ” အဖွဲ့က ရေဖြန့်ဝေလှူဒါန်းစဉ် (ပေးပို့)
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲအနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများတွင် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာမှုနှင့်အတူ ရေတင်ကားခများပါ လိုက်ပါမြင့်တက်လာသဖြင့် စစ်ရှောင်ပြည်သူများ သောက်သုံးရေ ဝယ်ယူသုံးစွဲရန် ပြင်းထန်သော အခက်အခဲနှင့် ရင်ဆိုင်နေရသည်။
အဆိုပါဒေသသည် မြေမျက်နှာသွင်ပြင်အရ ရေအရင်းအမြစ် ရှားပါးသဖြင့် ယခင်ကတည်းက ရေကို ဝယ်ယူသုံးစွဲနေရခြင်းဖြစ်သော်လည်း ယခုအခါ စက်သုံးဆီတစ်လီတာလျှင် ကျပ် ၈,၀၀၀ မှ ၁၀,၀၀၀ အထိ ပေါက်ဈေးရှိနေခြင်းကြောင့် ရေတင်ကားခများမှာ လီတာပမာဏနှင့် ခရီးအကွာအဝေးပေါ် မူတည်ကာ ကျပ် ၂၅,၀၀၀ မှ ၁ သိန်းခွဲအထိ ထိုးတက်သွားခြင်းဖြစ်သည်။
ဒေသတွင်း ‘မေမေ့ရေအလှူ’ ဝန်ဆောင်မှုပေးနေသူ ကိုဂျူလိုင်က “လက်ရှိမှာ ဆီလက်ကျန်က အလွန်ဆုံး ၃ ပတ်လောက်ပဲ တောင့်ခံနိုင်တော့မယ်။ အဓိက ခက်ခဲနေတဲ့ စစ်ရှောင်အိမ်ထောင်စု ၂,၀၀၀ ဝန်းကျင်ကိုပဲ အရင်ဦးစားပေး လုပ်ပေးနေရပါတယ်” ဟု ပြောသည်။

ဒေသတွင်း ရေတင်ဆောင်ခများမှာ ရေအရင်းအမြစ် တည်ရှိရာ ပီကင်းကျေးရွာနှင့် ကွာဝေးလေလေ ဈေးနှုန်း ပိုမိုမြင့်မားလေလေ ဖြစ်သည်။
၂,၀၀၀ လီတာဆံ့ ထော်လဂျီတစ်စီးလျှင် ယခင် ကျပ် ၂၀,၀၀၀ မှ ယခု ကျပ် ၂၅,၀၀၀ သို့လည်းကောင်း၊ ထင်းရှူးမြိုင်ဘက်တွင် ၄,၅၀၀ လီတာဆံ့ ရေကားတစ်စီးလျှင် ကျပ် ၄၅,၀၀၀ မှ ၆၀,၀၀၀ သို့လည်းကောင်း မြင့်တက်လာခဲ့သည်။
ရေအရင်းအမြစ်ရှိရာ ပီကင်းနှင့် အနီးတစ်ဝိုက်ရှိ စလောင်းကျေးရွာဘက်တွင် ၃,၇၀၀ လီတာဆံ့အတွက် ယခင် ကျပ် ၆၀,၀၀၀ အစား ယခု ကျပ် ၉၀,၀၀၀ အထိ ပေးဆောင်နေရပြီး၊ ပီကင်းမှ ပိုမိုဝေးလံသည့် ဟန်ဘူးအထိ လမ်းကြောင်းဆိုပါက ၃,၀၀၀ လီတာဆံ့ ရေကားတစ်စီးလျှင် ယခင်က ကျပ် ၁ သိန်း ၂ သောင်းသာ ရှိခဲ့သော်လည်း ယခုအခါ ကျပ် ၁ သိန်းခွဲကျော်အထိ စံချိန်တင် မြင့်တက်နေကြောင်း သိရသည်။

လွယ်ယင်းစစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက “မိသားစု ၇ ယောက်ရှိတော့ ၂,၀၀၀ လီတာဆံ့ ရေတစ်စီးဝယ်ရင် ၆ ရက်ပဲ ခံတယ်။ အလုပ်ကလည်းမရှိတော့ တစ်လတစ်လ ရေဖိုးနဲ့တင် မွဲကုန်ပြီ။ ရေလှောင်ဖို့ ၁၈ ပေပတ်လည် မိုးကာတစ်ထည်ကို ၄ သောင်းခွဲကျော်ပေးဝယ်နေရပြီး ခဏခဏလည်း လဲနေရတယ်” ဟု ၎င်း၏ အခက်အခဲကို ဖွင့်ဟသည်။
ရေတင်ကားမောင်းသူများဘက်ကမူ ရေစုပ်တင်ချိန်တွင် လောင်စာဆီကုန်ကျမှု များပြားခြင်း၊ စက်ပစ္စည်းများ ပျက်စီးလွယ်ခြင်းနှင့် ဆီဈေးနှုန်း မတည်ငြိမ်ခြင်းတို့ကြောင့် ဈေးတိုးမြှင့်ရခြင်းဖြစ်ကြောင်း၊ ရေတစ်ခေါက် ပို့ဆောင်လျှင်ပင် စက်သုံးဆီ ၁ ဂါလံခန့် ကုန်ကျနေကြောင်း သိရသည်။

နွေရာသီသို့ ကူးပြောင်းလာသည်နှင့်အမျှ ရေအရင်းအမြစ်များ ပိုမိုခမ်းခြောက်လာနိုင်ပြီး စက်သုံးဆီဈေးနှုန်းကို မထိန်းချုပ်နိုင်ပါက အလုပ်လက်မဲ့ဖြစ်နေသည့် စစ်ရှောင်ပြည်သူများ၏ အသက်ရှင်နေထိုင်ရေးမှာ ယခုထက် ပိုမိုဆိုးရွားလာနိုင်ကြောင်း ရေဝန်ဆောင်မှုပေးသူ ကိုဂျူလိုင်က ခန့်မှန်း သုံးသပ်ထားသည်။
#မိုးဗြဲအနောက်ခြမ်းစစ်ရှောင် #ကရင်နီ #ရေဝယ်ယူရန်ခက်ခဲ #ThanLwinKhetNews
