![]()
သံလွင်ခက်/မတ် ၂၃။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ နမ့်ခုတ်မြစ်အတွင်း သတ္တုအဆိပ်သင့်မှုများ ပိုမိုဆိုးရွားလာနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယနေ့ ထုတ်ပြန်သည်။
အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ပိုင်ဆိုင်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။
စက်ရုံသည် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဖလုံဒေသနှင့် ၁၉ ကီလိုမီတာသာ ကွာဝေးသည့် နယ်စပ်ဒေသတွင် တည်ရှိသည်။

စက်ရုံလည်ပတ်မှုနှင့် နောက်ကွယ်ကအခြေအနေ SHRF ၏ အစီရင်ခံစာအရ ဝမ်ဟုန်နေထရယ်လ်အင်နာဂျီကုမ္ပဏီ (Wan Hong Natural Energy Co. Ltd) မှ အကောင်အထည်ဖော်သည့် ဤစီမံကိန်းသည် မဂ္ဂါဝပ် ၃၀ ထုတ်လုပ်ရန် လျာထားပြီး တာချီလိတ်မြို့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် ရည်ရွယ်ထားသည်။
လက်ရှိတွင် အဆိုပါစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ဝမ်ဟုန်ရှိ UWSA တောင်ပိုင်းဌာနချုပ် လက်အောက်ခံ စစ်စခန်းများ၊ လက်နက်နှင့် ရာဘာစက်ရုံများတွင် အသုံးပြုနေကြောင်း SHRF က ဖော်ပြသည်။
စက်ရုံအတွက် ကျောက်မီးသွေးကို မိုင်းတုံမြို့နယ်ရှိ ဟင်းလင်းပွင့် (Open-pit) မဲကင်မိုင်းတွင်းမှ ရယူနေခြင်းဖြစ်ပြီး၊ မိုင်းတွင်းအောက်ဘက်ရှိ မဲကင်ချောင်းတလျှောက် နေထိုင်ကြသည့် ရွာသားများမှာ ရေထုညစ်ညမ်းမှုကြောင့် ယားနာများ ဖြစ်ပွားလာကာ ငါးများလည်း သေဆုံးနေသည်ဟု SHRF က ဖော်ပြထားသည်။

ထို့အပြင် ကျောက်မီးသွေးပုံများနှင့် ပြာများမှ စိမ့်ထွက်လာသည့် ပြဒါး၊ ခဲ နှင့် အာဆင်းနစ် (စိန်ဖြူ) ပါဝင်သော အဆိပ်သင့်အရည်များသည် နမ့်ခုတ်မြစ်အတွင်းသို့ စီးဝင်နေမှုကြောင့် စိုးရိမ်မှုများ မြင့်တက်နေသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ရရှိသည့် ဂြိုဟ်တုဓာတ်ပုံများအရ မြစ်ဘက်ခြမ်းတွင် ကျောက်မီးသွေးဟု ယူဆရသည့် အပုံများကို အကာအကွယ်မဲ့စွာ သိုလှောင်ထားသည်ကို တွေ့ရှိရပြီး၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများပါဝင်သည့် ပေါင်းစပ်စွမ်းအင်သုံး(Hybrid) စက်ရုံအဖြစ် တွေ့ရှိရကြောင်း SHRF က အတည်ပြုသည်။

စက်ရုံမှ ထွက်ရှိလာသည့် ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်နှင့် အမှုန်အမွှားများကြောင့် ဒေသခံများမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုများ ကြုံတွေ့နေရသလို၊ အက်ဆစ်မိုးကြောင့် ကီလိုမီတာ ၈၀ ပတ်လည်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးမည့်အန္တရာယ် ရှိနေသည်။
ဝမ်ဟုန်ဒေသတွင် မူလက ရှမ်းတိုင်းရင်းသား အိမ်ထောင်စု ၂၀၀ ခန့်သာ နေထိုင်ခဲ့သော်လည်း၊ ၁၉၉၉ မှ ၂၀၀၁ ခုနှစ်အတွင်း UWSA က “ဝ”လူဦးရေ ၁၂၆,၀၀၀ ကျော်ကို မြောက်ပိုင်းမှ တောင်ပိုင်းသို့ အဓမ္မပြောင်းရွှေ့အခြေချခိုင်းခဲ့သဖြင့် ဒေသခံလူဦးရေ ဖွဲ့စည်းပုံမှာ လုံးဝပြောင်းလဲသွားခဲ့ကြောင်း SHRF ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
၂၀၀၁ ခုနှစ်က တာချီလိတ်၌ ကျောက်မီးသွေးစက်ရုံဆောက်ရန် ကြိုးပမ်းမှုကို ထိုင်းဘက်မှ ကန့်ကွက်နိုင်ခဲ့သော်လည်း ယခုအခါ စစ်ကော်မရှင်နှင့် သဘောတူညီမှုဖြင့် ဝမ်ဟုန်စက်ရုံမှာ အမှန်တကယ် လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

နမ့်ခုတ်မြစ် (မယ်ကောက်မြစ်) အတွင်း ဆိုင်ရာနိုက်အဆိပ်သင့်မှုနှင့် ပတ်ဝန်းကျင်ပျက်စီးမှုများ ဆိုးရွာစွာ ဖြစ်ပွားနေကြောင်း ထိုင်းဒေသခံများက ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ကန့်ကွက်ဆန္ဒပြပွဲပြုလုပ်ခဲ့ကာ လက်ရှိတွင် ထိုင်းအာဏာပိုင်များဘက်က မြစ်ရေအတွင်း အဆိပ်သင့်မှုအခြေအနေကို စောင့်ကြည့်စစ်ဆေးနေပသည်။
နမ့်ခုတ်မြစ် (မယ်ကောက်မြစ်) သည် ရှမ်းပြည်နယ် မြောက်ပိုင်းတောင်တန်းများမှ မြစ်ဖျားခံကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ်အိုင်မြို့နယ်၊ သာတွန်ဒေသမှတစ်ဆင့် ချင်းရိုင်ခရိုင်ကိုဖြတ်၍ ချင်းသန်းမြို့တွင် မဲခေါင်မြစ်အတွင်းသို့ စီးဝင်သည်။
အရှည် ၂၈၅ ကီလိုမီတာခန့်ရှိသော ဤမြစ်သည် မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ ဒေသခံပြည်သူ လူထုအတွက် အဓိကအသက်သွေးကြော ဖြစ်သည်။
#SHRF #ဝ #ကျောက်မီးသွေးစက်ရုံသစ် #နမ့်ခုတ်မြစ်ရေ #အဆိပ်သင့်မှုပိုဆိုးလာ #ThanLwinKhetNews
