![]()
သံလွင်ခက်/မတ်လ ၂၃။ ဓါတ်ပုံ – မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း၌ စစ်ကော်မရှင်ဆိုင််ကယ်အုပ်စုနှင့် ယာဉ်တန်းများ နှစ်နေရာခွဲ၍ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်ဘက်မှ ၈ ဦးသေဆုံးကာ ၉ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အုတ်ဖို ပြောက်ကျားတပ် ထံက သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် ဇီးကုန်းမြို့နယ်မှ ဘဲအင်းလမ်းဆုံသို့ ဆိုင်ကယ် ၁၂ စီးဖြင့် ထွက်ခွာလာသည့် စစ်ကော်မရှင်ယာဉ်တန်းကို ဇီးကုန်းမြို့နယ်နှင့် မယင်းကုန်းကျေးရွာအနီးတွင် မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နံနက် ၈ နာရီ ၁၅ မိနစ်မှ စတင်ကာ တစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်း အင်အား ၅၀ ဝန်းကျင်ပါဝင်သော နောက်ထပ် စစ်ကော်မရှင် စစ်ကူယာဉ်တန်း (မော်တော်ယာဉ် ၃ စီး) သည် ဇီးကုန်းမြို့နှင့် တစ်မိုင်ခန့်အကွာရှိ မယင်းကုန်းကျေးရွာသို့ ရောက်ရှိလာခဲ့သည်။
အဆိုပါ မောတ်တော်ယာဉ်တန်းကိုလည်း အခြား နေရာတစ်ခုမှ ဒုတိယအကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကော်မရှင်ဘက်မှ ၈ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရှိသည်ကို မျက်မြင်တွေ့ရကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့က အတည်ပြုသည်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ၏ တာဝန်ရှိသူတစ်ဦးက “၈ ဦး သေဆုံးတာက ဆိုင်ကယ်ယာဉ်တန်းမှာပါ။ လက်နက်တွေ သိမ်းဆည်းရင်းနဲ့ မျက်မြင်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ မယင်းကုန်းဘက်ကနေ စစ်ကူတက်လာတဲ့ ကား ၃ စီးကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ရာမှာ ၉ ဦး ဒဏ်ရာရသွားတာကို တွေ့လိုက်ရတယ်” ဟု သံလွင်ခက်သို့ ပြောသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားရာ နေရာနှစ်ခုလုံးမှ စစ်ကော်မရှင်ဘက်မှ လက်နက်ခဲယမ်းများ၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် စစ်အသုံးအဆောင် ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း (တပ်ခွဲ ၄ နှင့် ၅) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။
#သာယာဝတီ #စစ်ကော်မရှင်ယာဉ်တန်း #ကြားဖြတ်တိုက်ခိုက်ခံရ #ThanLwinKhetNews
