![]()
သံလွင်ခက်/မတ် ၂၃။ ဓါတ်ပုံ – သံလွင်ခက် (ပုံဟောင်း)
အရှေ့အလယ်ပိုင်းစစ်ပွဲ၏ အရှိန်အဟုန်ကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ ထိုင်း-မြန်မာနယ်စပ်တွင် ဆီဝယ်ယူခွင့် ကန့်သတ်ချက်များ ပေါ်ပေါက်လာသဖြင့် ရွှေ့ပြောင်းလုပ်သားများမှာ အလုပ်သွားအလုပ်ပြန် အတွက် ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
ယခင်က နံနက်အစောပိုင်းတွင် အဆင်ပြေပြေ ဖြည့်တင်းနိုင်ခဲ့သော စက်သုံးဆီဆိုင်များသည် ယခုအခါ နံနက် ၈ နာရီမှသာ စတင်ဖွင့်လှစ်တော့သဖြင့် စက်ရုံ၊ အလုပ်ရုံ အလုပ်ချိန်နှင့် မလွတ်ကင်းသည့် ပြဿနာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
” ဆီဆိုင်က ၈ နာရီကျော်မှဖွင့်တော့ အလုပ်သွားချိန် ဝင်ထည့်လို့မရဘူး။ လိုသလောက်လည်း ဝယ်မရဘူး ” ဟု စက်ရုံအလုပ်သမားတစ်ဦးက ၎င်း၏ အခက်အခဲကို ပြောပြသည်။
၎င်းက ဆက်လက်၍ ” အရင်က အချိန်အကြာကြီး တန်းစီစရာမလိုဘဲ လိုသလောက်ရပေမဲ့ အခုက အချိန်အကြာကြီး တန်းစီရသလို အလုပ်ချိန်နဲ့လည်း မလွတ်တော့ဘူး ” ဟု ဆိုသည်။
လက်ရှိတွင် နယ်စပ်ရှိ ဆီဆိုင်အများစုသည် ကားတစ်စီးလျှင် ဘတ် ၅၀၀ ဖိုးနှင့် ဆိုင်ကယ်တစ်စီးလျှင် ဘတ် ၅၀ ဖိုးသာ ကန့်သတ်ရောင်းချပေးနေသည်။
ယင်းသို့ ကန့်သတ်ခြင်းမှာ တစ်ဦးတည်းက အများအပြားဝယ်ယူပြီး ပြန်လည်ရောင်းချမှုကို တားဆီးရန် ဖြစ်နိုင်သော်လည်း ခရီးဝေးသွားလာရသူများအတွက်မူ အချိန်ကုန်ခြင်းနှင့် ဆီပိုမိုကုန်ကျခြင်းများကို ဖြစ်စေသည်ဟု အငှားယာဉ်မောင်းသူများက ဆိုသည်။
” ကားဆီမပြည့်တော့ ခရီးအတွက် တွက်ချက်နေရတာ အလုပ်ရှုပ်ပါတယ်။ ဆိုင်တွေ့တိုင်း တစ်ခါပြန်တန်းစီရတော့ အချိန်ကုန်သလို စက်နှိုး၊ စက်သတ်နဲ့ စောင့်နေရတာကလည်း ဆီကို ပိုကုန်စေတယ် ” ဟု အငှားမောင်းသူတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် မဲဆောက်ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များမှာ နံနက်အစောပိုင်းမှစ၍ တန်းစီစောင့်ဆိုင်းနေကြရဆဲဖြစ်သည်။
ထိုင်းအာဏာပိုင်များက စက်သုံးဆီဖြန့်ဖြူးမှု မှန်ကန်စေရန် ဆီတင်ယာဉ်များကို မတ်လ ၂၀ ရက်မှ ဧပြီလ ၃၀ ရက်အထိ ၂၄ နာရီပတ်လုံး သွားလာခွင့်ပြုထားပြီး၊ ဆီဆိုင်အများစုသည် ဆိုင်ကယ်တစ်စီးလျှင် ဘတ် ၅၀ ဖိုးနှင့် ကားတစ်စီးလျှင် ဘတ် ၅၀၀ ဖိုးသာ ကန့်သတ်ရောင်းချပေးနေသည်။
ထို့အပြင် မြဝတီမြို့ဘက်မှ လာရောက်သော မြန်မာ လိုင်စင်ရယာဉ်များကို ထိုင်းအာဏာပိုင်များက ဆီဖြည့်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။
သို့သော်လည်း မြန်မာနိုင်ငံသားအချို့သည် ထိုင်းဒေသခံများ သို့မဟုတ် ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းကာ ထိုင်းလိုင်စင်ရယာဉ်များ၊ ဆီပုံးများဖြင့် ဆီဆိုင်အသီးသီးတွင် တစ်နေကုန် လှည့်လည်ဝယ်ယူနေကြကြောင်း ထိုင်းသတင်းအချို့က ဖော်ပြနေကြသည်။
တဖက်တွင်လည်း ဆီပြတ်လပ်သည်ဟု အကြောင်းပြ၍ ဆိုင်ပိတ်ထားခြင်း သို့မဟုတ် ဆီလှောင်ခြင်းနှင့် ဈေးတင်ရောင်းချခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိမ်နင်းရန် ထိုင်းတာဝန်ရှိသူများက ညွှန်ကြားထားသည်။
အထူးသဖြင့် နယ်စပ်ဂိတ်များနှင့် ဆီသိုလှောင်ရုံများတွင် မှောင်ခိုထုတ်မှုမရှိစေရန် ၂၄ နာရီ စစ်ဆေးရေးဂိတ်များဖြင့် ကြပ်မတ်လျက်ရှိပြီး ဆီမှောင်ခို ယာဉ်များကိုလည်း စစ်ဆေးဖမ်းဆီးလျှက်ရှိသည်။
လက်ရှိတွင် PTT စက်သုံးဆီဆိုင်များ၌ လူနာတင်ယာဉ်များနှင့် မီးသတ်ကားများကဲ့သို့သော အရေးပေါ်ယာဉ်များအတွက် တန်းစီစောင့်ဆိုင်းရန်မလိုဘဲ ဆီဖြည့်နိုင်ရန် လမ်းကြောင်းသီးသန့် စီစဉ်ပေးထားသည်ဟု သိရသည်။
အခြေခံရွှေ့ပြောင်းလုပ်သားများမှာမူ ဆီဈေးနှုန်းမြင့်တက်မှုနှင့် ဝယ်ယူရခက်ခဲမှုတို့ကြောင့် အလုပ်အကိုင်နှင့် နေ့စဉ်ဘဝရပ်တည်ရေးဆိုင်ရာ သွားလာမှုများအတွက် စိုးရိမ်ပူပန်နေကြရသည်။
ရွှေ့ပြောင်းလုပ်သားတစ်ဦးကမူ “ဆီဈေးနဲ့ ရတဲ့လခနဲ့ မကိုက်ရင်တော့လည်း အလုပ်မလုပ်ဘဲ နေရုံရှိတော့မှာပဲ” ဟု သံလွင်ခက်ကို ပြောသည်။
ထို့ပြင် ကလေး ၃ ဦးအား ကျောင်းသုံးကျောင်းသို့ အကြိုအပို့လုပ်နေရသည့် ရွှေ့ပြောင်း မိခင်တစ်ဦးကလည်း “ဆီဈေးတက်တာထက် လုံးဝဝယ်မရတော့မှာကို ပိုပူမိတယ်” ဟု ရင်ဖွင့်သည်။
လတ်တလောတွင် နွေကျောင်းပိတ်ရက်ကာလရောက်လာသဖြင့် အခက်အခဲကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနိုင်သော်လည်း ကျောင်းပြန်ဖွင့်ချိန်တွင် အခြေအနေ ပိုမိုဆိုးရွားလာမည်ကို မိဘများက စိုးရိမ်နေကြသည်။
#မဲဆောက်#ဆီဆိုင်#ရွှေ့ပြောင်းအခက်အခဲ #ThanLwinKhetNews
