![]()
သံလွင်ခက်/မတ် ၂၁။ ဓာတ်ပုံ – Bay of Bengal Post
ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် ပဋိပက္ခပေါင်းစုံကြားတွင် ရန်ပုံငွေရရှိမှု သိသိသာသာ လျော့နည်းလာခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များအား ထောက်ပံ့နေသည့် စားနပ်ရိက္ခာအကူအညီများကို လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ လျှော့ချသွားတော့မည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြောကြားလိုက်သည်။
လက်ရှိတွင် ဒုက္ခသည်တစ်ဦးလျှင် တစ်လလျှင် အစားအသောက်အကူအညီ အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာနှုန်း ရရှိနေသော်လည်း၊ အစီအစဉ်သစ်အရ ဒုက္ခသည်များ၏ လူမှုစီးပွားအခြေအနေပေါ် မူတည်၍ အုပ်စုသုံးစု ခွဲခြားသတ်မှတ်သွားမည်ဖြစ်သည်။
အလွန်အမင်း ထိခိုက်လွယ်သည့် အုပ်စုသည် ၁၂ ဒေါ်လာ ဆက်လက်ရရှိမည်ဖြစ်သော်လည်း၊ အသင့်အတင့် ထိခိုက်လွယ်သူများသည် ၁၀ ဒေါ်လာနှင့် ထိခိုက်လွယ်မှုအနည်းဆုံး အုပ်စုသည် တစ်လလျှင် ၇ ဒေါ်လာသာ ရရှိတော့မည်ဖြစ်သည်။
ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်နာ မိုဟာမက် မီဇာနူ ရာမန်က ယခုကဲ့သို့ အုပ်စုခွဲခြားမှုသည် လူမှုစီးပွားအခြေအနေများအပေါ် အဓိကအခြေခံထားခြင်းဖြစ်ကြောင်း ပြောကြားသည်။
စခန်းများအတွင်းရှိ ရိုဟင်ဂျာ ၁.၂ သန်းခန့်အနက် ၃၃ ရာခိုင်နှုန်းကို အလွန်အမင်း ထိခိုက်လွယ်သူများအဖြစ် သတ်မှတ်ထားပြီး၊ ၅၀ ရာခိုင်နှုန်းမှာ အသင့်အတင့်နှင့် ၁၇ ရာခိုင်နှုန်းမှာ ထိခိုက်လွယ်မှုအနည်းဆုံး အုပ်စုတွင် ပါဝင်နေသည်။
အကူအညီများ လျှော့ချခြင်းကြောင့် ကော့ဘဇား (Cox’s Bazar) စခန်းများရှိ ဒုက္ခသည်များ၏ ကျန်းမာရေးနှင့် လူနေမှုဘဝအပေါ် ဆိုးရွားစွာ သက်ရောက်နိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။
ကုလသမဂ္ဂ အရာရှိတစ်ဦး၏ ပြောကြားချက်အရ ရန်ပုံငွေရရှိမှုသည် မကြာသေးမီနှစ်များအတွင်း ဆက်တိုက်ကျဆင်းနေပြီး၊ ဒေါ်နယ်ထရန့်၏ မူဝါဒများအပါအဝင် နိုင်ငံတကာ၏ ထောက်ပံ့မှုများ လျော့နည်းလာခြင်းကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (OCHA) ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း ရိုဟင်ဂျာများအတွက် လိုအပ်သည့် ရန်ပုံငွေ ဒေါ်လာ ၉၃၄ သန်းအနက် ၅၃ ရာခိုင်နှုန်းသာ ရရှိသေးကြောင်း ဖော်ပြထားသည်။
၎င်းမှာ ၂၀၂၂ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်တွင် ၇၁ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်း ရရှိခဲ့ရာမှ ယခုကဲ့သို့ ဆက်တိုက်လျော့နည်းလာခြင်း ဖြစ်သည်။
ယခင်က ရိက္ခာဝေစုကို တစ်ဦးလျှင် ၆ ဒေါ်လာအထိ ထက်ဝက်လျှော့ချရန် စီစဉ်ခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုမှ ဒေါ်လာ ၇၃ သန်း ထောက်ပံ့ခဲ့၍ ရှောင်ရှားနိုင်ခဲ့ဖူးသည်။
သို့သော် ယခုနှစ်အတွက်မူ ရန်ပုံငွေအသစ် ထပ်မံရရှိရန် အတည်မပြုနိုင်သေးပေ။
တစ်ဖက်တွင်လည်း ကုလသမဂ္ဂနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့သည် လာမည့်လများအတွင်း ဂျီနီဗာမြို့၌ ပူးတွဲတုံ့ပြန်မှုအစီအစဉ် (JRP) အသစ်ကို ချပြရန် ပြင်ဆင်နေသော်လည်း၊ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ရန်ပုံငွေ လိုအပ်ချက်ကို ၂၆ ရာခိုင်နှုန်းအထိ လျှော့ချ သတ်မှတ်ထားရသည်။
ယခုကဲ့သို့ အကူအညီ လျှော့ချမှုသည် မွတ်စလင်တို့၏ ဥပုသ်လ (Ramadan) အတွင်း ရိုဟင်ဂျာဒုက္ခသည်များနှင့် တွေ့ဆုံရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် လာရောက်ရန် ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
Free Rohingya Coalition ကို ပူးတွဲတည်ထောင်သူ နေဆန်းလွင်က ယခု ရိက္ခာလျှော့ချမှုသည် အလွန်ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရသည့် ဒုက္ခသည်များအတွက် “သေဒဏ်ပေးခြင်း” ပင် ဖြစ်သည်ဟု ဆိုသည်။
“နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ တခြားကိစ္စတွေမှာ သုံးစွဲနေတာထက် အသက်ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဦးစားပေးသင့်တယ်” ဟု ၎င်းက အယ်လ်ဂျာဇီးယား သတင်းဌာနသို့ ပြောကြားခဲ့သည်။
WFP ၏ အဆိုအရ ရန်ပုံငွေ လိုအပ်ချက်သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် အစိုးရ၏ နိုင်ငံခြား အကူအညီ လျှော့ချမှုကြောင့်သာမကဘဲ အလှူရှင်များထံမှ အထောက်အပံ့ အလုံးစုံ လျော့နည်းသွားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း အမေရိကန်အစိုးရ၏ အကူအညီ ရုတ်တရက် ရပ်ဆိုင်းလိုက်မှုသည် ဒုက္ခသည်စခန်းအတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကို ရိုက်ခတ်မည်ဖြစ်ပြီး အမေရိကန်က ရန်ပုံငွေ ထောက်ပံ့ထားသည့် ဆေးရုံငါးရုံမှာ ဝန်ဆောင်မှုများ လျှော့ချရန် ဖိအားပေးခံနေရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း ရိက္ခာဝေစုကို ၈ ဒေါ်လာအထိ လျှော့ချခဲ့ဖူးရာ ထိုစဉ်က စခန်းအတွင်း အာဟာရချို့တဲ့မှုနှင့် ငတ်မွတ်ခေါင်းပါးမှု သိသိသာသာ မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂက မှတ်တမ်းတင်ခဲ့သည်။
ထိုစဉ်က စခန်းနေလူဦးရေ ၉၀ ရာခိုင်နှုန်းမှာ လုံလောက်သော အစားအစာရရှိရန် ရုန်းကန်ခဲ့ရပြီး ကလေးငယ် ၁၅ ရာခိုင်နှုန်းကျော်မှာ အာဟာရချို့တဲ့မှုဒဏ် ခံခဲ့ရသည်။
ယခုနှစ် ၂၀၂၄ ခုနှစ်အတွက် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ၏ ၅၀ ရာခိုင်နှုန်းကျော် (ဒေါ်လာသန်း ၃၀၀ ခန့်) ကို အမေရိကန်က ထောက်ပံ့ပေးထားသော်လည်း လိုအပ်ချက်မှာ ကြီးမားနေဆဲဖြစ်သည်။
ဥရောပကော်မရှင်က ရိုဟင်ဂျာဒုက္ခသည်များနှင့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခဒဏ်ခံရသူများအတွက် ယူရို ၇၆ သန်း (ဒေါ်လာ ၇၉.၄ သန်း) ကူညီပေးသွားမည်ဟု ကြေညာထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အကြမ်းဖက် နှိမ်နင်းမှုများကြောင့် ထွက်ပြေးလာရသည့် ရိုဟင်ဂျာ တစ်သန်းကျော်ကို ကော့ဘဇား (Cox’s Bazar) ခရိုင်ရှိ ပြည့်ကျပ်နေသော ဒုက္ခသည်စခန်းများတွင် လက်ခံထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခြင်းကြောင့် ၎င်းတို့ နေရပ်ပြန်နိုင်ရေးမှာလည်း အလှမ်းဝေးနေဆဲ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာလူဦးရေမှာ ဆက်လက်တိုးပွားနေပြီး အသစ်ရောက်ရှိလာသူ ၁၄၄,၀၀၀ ခန့်နှင့် နှစ်စဉ် မွေးဖွားနှုန်း ၃၀,၀၀၀ ခန့်ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထားသော်လည်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများ ဆက်ရှိနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးမှာ လောလောဆယ်တွင် မဖြစ်နိုင်သေးပေ။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ၏ အကြီးအကဲ ဒေါက်တာ မိုဟာမက် ယူနွတ်စ်က ရိုဟင်ဂျာများ ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်မည်ဟု ကတိပြုထားသော်လည်း၊ လက်ရှိအခြေအနေများမှာ နေရပ်ပြန်ရန် လုံလောက်သည့် အခြေအနေမရှိသေးကြောင်း တာဝန်ရှိသူများက ဝန်ခံပြောကြားထားသည်။
Ref: Bay of Bengal Post / Aljazxeera
#ဘင်္ဂလားဒေ့ရှ် #ရိုဟင်ဂျာဒုက္ခသည် #ကုလသမဂ္ဂ #စားနပ်ရိက္ခာထောက်ပံ့မှု #ထက်ဝက်ခန့်လျှော့ချ #ThanLwinKhetNews
