![]()
သံလွင်ခက်/မတ် ၁၈။ ဓါတ်ပုံ – သံလွင်ခက်
မြန်မာနိုင်ငံတွင် ရာစုနှစ်တစ်ခုကျော်ကြာ ကျင့်သုံးခဲ့သည့် ၁၉၂၀ ပြည့်နှစ် မြန်မာနိုင်ငံကူးလက်မှတ်အက်ဥပဒေကို ရုပ်သိမ်းလိုက်ပြီး ခေတ်စနစ်နှင့်အညီ ပြစ်ဒဏ်များ ပိုမိုပြင်းထန်လာသည့် “မြန်မာနိုင်ငံကူးလက်မှတ်ဥပဒေ” အသစ်ကို အစားထိုးပြဋ္ဌာန်းလိုက်သည်ဟု စစ်ကော်မရှင်က ကြေညာသည်။
ဥပဒေသစ်တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ လျှောက်ထားမှုဆိုင်ရာ ကန့်သတ်ချက်များ၊ တားမြစ်ချက်များနှင့် ပြင်းထန်သည့် ထောင်ဒဏ်၊ ငွေဒဏ်များကို အသေးစိတ် ထည့်သွင်းပြဋ္ဌာန်းထားသည်။
နိုင်ငံကူးလက်မှတ် လျှောက်ထားသူများသည် မိမိ၏ ကိုယ်ရေးအချက်အလက်များကို မှန်ကန်စွာ တင်ပြရမည့်အပြင် ယခုဥပဒေသစ်တွင် ကိုယ်ပိုင်သက်သေခံအမှတ် (Unique ID – UID) ကို မဖြစ်မနေ တင်ပြရမည်ဟု သတ်မှတ်ထားသည်။
နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် နိုင်ငံသားဖြစ်မှု အထောက်အထား မခိုင်လုံသူများ၊ တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ သို့မဟုတ် ပြစ်ဒဏ်ကျခံနေရသူများ၊ နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေနိုင်သည်ဟု ယူဆရသူများနှင့် ပြည်ပနိုင်ငံတစ်ခုခုမှ ပြန်လည်နှင်ထုတ်ခံရသူ (Deportation) ဖြစ်ပြီး သတ်မှတ်ကာလ မပြည့်သေးသူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် ငြင်းဆန်ခွင့်ရှိသည်ဟု ဥပဒေသစ်တွင် ထိန်းချုပ်မှုများကို ဖော်ပြထားသည်။
နိုင်ငံကူးလက်မှတ်ကို အခြားသူတစ်ဦးထံ ရောင်းချခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် အပေါင်ပစ္စည်းအဖြစ် အသုံးပြုခြင်းများ ပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ၃ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ၃ သိန်းမှ ၅ သိန်းအထိ ဖြစ်စေ ချမှတ်နိုင်သလို ပြစ်ဒဏ်နှစ်ရပ်လုံးလည်း ကျခံရနိုင်သည်ဟု ဖော်ပြထားသည်။
နိုင်ငံကူးလက်မှတ်ကို အတုပြုလုပ်ခြင်း သို့မဟုတ် အတုမှန်းသိလျက် အသုံးပြုခြင်းများအတွက် ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ၁၀ သိန်းကျပ်အထိဖြစ်စေ ချမှတ်နိုင်သည်။
နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အချက်အလက်မှန် မဟုတ်ဘဲ မှားယွင်းဖော်ပြပါက ထောင်ဒဏ် ၁ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ၅ သိန်းအထိ ဖြစ်စေ ချမှတ်မည်ဖြစ်ပြီး တစ်ပါးသူ၏ နိုင်ငံကူးလက်မှတ်ကို အသုံးပြုခြင်း သို့မဟုတ် အသုံးပြုရန် ခွင့်ပြုခြင်းများအတွက် ထောင်ဒဏ် ၁ နှစ်မှ ၅ နှစ်အထိ ပြင်းထန်စွာ ချမှတ်နိုင်ကြောင်း သိရသည်။
ပုံမှန်အားဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းကို ၅ နှစ် သတ်မှတ်ထားပြီး သက်တမ်းကုန်ဆုံးရန် ၆ လအလိုတွင် အသစ်လဲလှယ် လျှောက်ထားနိုင်သည်။ အကယ်၍ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးပါက သတင်းစာတွင် ကြေညာပြီး ၆ လပြည့်မှသာ အသစ်ပြန်လည် လျှောက်ထားခွင့်ရှိမည် ဖြစ်သည်။
အကယ်၍ နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခံရခြင်း သို့မဟုတ် ပယ်ဖျက်ခံရခြင်းတို့အတွက် ကျေနပ်မှုမရှိပါက ဆုံးဖြတ်ချက်ချသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အယူခံဝင်နိုင်သည်ဟု ဆိုသည်။ အဆိုပါ အယူခံမှုအပေါ် ဝန်ကြီး၏ ဆုံးဖြတ်ချက်သည်သာ အပြီးအပြတ် ဖြစ်မည်ဟု ဥပဒေတွင် ဖော်ပြထားသည်။
ယခုပြဋ္ဌာန်းလိုက်သည့် ဥပဒေသစ်သည် နိုင်ငံကူးလက်မှတ်ကို အသုံးပြု၍ တရားမဝင် လွှဲပြောင်းရောင်းချခြင်းနှင့် အပေါင်ပစ္စည်းအဖြစ် အသုံးပြုနေသည့် လုပ်ရပ်များကို ထိရောက်စွာ တားဆီးရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေပြည်တော်တွင် မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ (မူကြမ်း) နှင့်ပတ်သက်သည့် အစည်းအဝေးကို ကျင်းပပြီးစီးခဲ့ပြီး ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ် ဆွေးနွေးခဲ့ကြသည်ဟု စစ်ကော်မရှင်လက်အောက်ရှိဥပဒေရေးရာဝန်ကြီးဌာနက ကြေညာထားသည်။
ထိုကြေညာချက်အပြီးတွင် ယခုကဲ့သို့ ၁၉၂၀ ဥပဒေဟောင်းကို ရုပ်သိမ်း၍ ပြစ်ဒဏ်နှင့် စည်းကမ်းချက်များ ပိုမိုတင်းကြပ်သည့် မြန်မာနိုင်ငံကူးလက်မှတ်ဥပဒေသစ် ထွက်ရှိလာခြင်းဖြစ်သည်။
#ပြစ်ဒဏ် #စည်းကမ်းချက် #ပိုတင်းကြပ် #နိုင်ငံကူးလက်မှတ် #ပတ်စ်ပို့ဉပဒေသစ် #ThanLwinKhetNews
