![]()
သံလွင်ခက်/မတ်လ ၁၈။ ပုံ – သမဂ္ဂဖြိုခွဲမှုကို ရပ်တန့်ရန် Bontech အလုပ်သမားများ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် တောင်းဆို နေကြစဉ် ( မတ် ၈ ၂၀၂၅ / STUM )
ရန်ကုန်မြို့ရှိ Bontech အထည်ချုပ်စက်ရုံတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပြဌာန်းချက်ဖြစ်သော Convention 87 (လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်) ဆိုင်ရာ ဗီနိုင်းများကို ချိတ်ဆွဲခဲ့သော်လည်း လက်တွေ့တွင်မူ အလုပ်သမားအဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်ခွင့်ကို ကန့်သတ်ချုပ်ချယ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နာမည်ကြီး အဝတ်စား အမှတ်တံဆိပ်များဖြစ်သည့် Vizwell နှင့် SINGER တို့ကို ချုပ်လုပ်သည့် Bontech အထည်ချုပ်စက်ရုံသည် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ပတ္တမြားလမ်း၊ အမှတ် (၈၇/၈၈) တွင် တည်ရှိသည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက်၊ မွန်းလွဲပိုင်းက မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် Bontech စက်ရုံသို့ လာရောက်ကာ အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ဖိအားပေး ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံမှုတွင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက အလုပ်သမားအဖွဲ့အစည်းများကို ဟန့်တားနှောင့်ယှက်ပါက အရေးယူနိုင်ကြောင်း အပေါ်ယံပြောဆိုခဲ့သော်လည်း၊ အလုပ်ရှင်ဘက်က တောင်းဆိုသည့် အချက်များကိုသာ အဓိကထား၍ အလုပ်သမားခေါင်းဆောင် (EC) များကို လိုက်နာရန် ဖိအားပေးခဲ့သည်။
မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များသည် အလုပ်သမားသမဂ္ဂ အလုပ်အမှုဆောင်များ၏ လှုပ်ရှားဆောင်ရွက်ခွင့်ကို အဖက်ဖက်မှ ပိတ်ဆို့ထားသည်ကို တွေ့ရသည်ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်သည်။
ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များတွင် အလုပ်သမားခေါင်းဆောင်များအနေဖြင့် ကိုယ်ပိုင်ဖုန်းအသုံးပြုခွင့်မရှိဘဲ စက်ရုံ HR ရုံးခန်းရှိ ဖုန်းကိုသာ အသုံးပြုရမည်ဖြစ်ပြီး ပြောဆိုချိန်ကိုလည်း နာရီဝက်သာ ကန့်သတ်ထားမည်ဟု ပါဝင်သည်။
ဤအချက်မှာ သမဂ္ဂ၏ လျှို့ဝှက်ချက်နှင့် လွတ်လပ်မှုကို ထိပါးရာရောက်နေသည်ဟု STUM က ဝေဖန်သည်။
ထို့အပြင် အလုပ်သမားရေးရာကိစ္စရပ်များအတွက် အပြင်ထွက်ခွင့် (Gate Pass) ကို တစ်လလျှင် ၈ နာရီသာ သတ်မှတ်ထားပြီး အဆိုပါအချိန်ထက် ကျော်လွန်ပါက ရက်မှန်ကြေး (Attendance Bonus) ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ထားသည်။
အဆိုးဆုံးမှာ အလုပ်သမားများ၏ တရားဝင်တိုင်ကြားပိုင်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်ပြီး၊ စက်ရုံတွင်းပြဿနာများကို အစိုးရဌာနများသို့ တိုက်ရိုက်တိုင်ကြားခြင်းမပြုရန်နှင့် အလုပ်ရှင်က မလိုက်လျောနိုင်သည့် အခြေအနေရောက်မှသာ တိုင်ကြားရန်ဟူသော အချက်ဖြစ်သည်။
ဤအချက်မှာ အလုပ်သမားများ၏ အကာအကွယ်မဲ့မှုကို ပိုမိုဆိုးရွားစေသည့် အဆင့်ကျော်ကန့်သတ်မှုများပင် ဖြစ်သည်ဟု STUM က သတ်မှတ်သည်။
ယင်းကန့်သတ်ချက်များသည် အလုပ်သမားသမဂ္ဂများ၏ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်ကို တိုက်ရိုက်ထိပါးနေခြင်းကြောင့် Bontech အခြေခံအလုပ်သမားအဖွဲ့အစည်းကလည်း လက်မခံကြောင်း ငြင်းဆိုခဲ့သည်။
သို့သော်လည်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကမူ ၎င်းတို့ပေးသည့် “လမ်းညွှန်ချက် (Guideline)” အတိုင်းသာ လုပ်ဆောင်ရန်နှင့် ကုန်ထုတ်လုပ်မှု မနှောင့်နှေးစေရန် တာဝန်ယူရမည်ဟု ဆိုကာ အလုပ်ရှင်ဘက်က ရပ်တည်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (STUM) ကလည်း ယခုဖြစ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ထားသည်။
ထိုလုပ်ရပ်သည် ILO Convention 87 ၏ အနှစ်သာရကို နားမလည်ဘဲ ဗီနိုင်းချိတ်ရုံဖြင့် အလုပ်သမားအခွင့်အရေး ရှိနေသည်ဟု ဟန်ပြလုပ်ဆောင်ကာ လက်တွေ့တွင် အလုပ်သမားအဖွဲ့အစည်းများကို တလွှဲညွှန်ကြားချက်များဖြင့် ဖိနှိပ်နေခြင်းဖြစ်ကြောင်း STUM က ဝေဖန်ထောက်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းက မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (STUM) မှ ဒေါ်မျိုးအေး အပါအဝင် ရုံးအဖွဲ့ဝင်နှင့် သမဂ္ဂခေါင်းဆောင် ၁၁ ဦးတို့သည် စစ်ကော်မရှင်၏ အလုပ်သမားအဖွဲ့အစည်းဥပဒေ (သင်းပင်းဥပဒေ) အပါအဝင် စုစုပေါင်း အမှုပေါင်း ၁၁ မှုဖြင့် မတရားဖမ်းဆီးခြင်း ခံခဲ့ရသည်။
ထို့နောက် ဒီဇင်ဘာလ ၁၆ ရက်တွင် Bontech စက်ရုံ HR မန်နေဂျာက အလုပ်သမားအဖွဲ့အစည်း ပျက်သွားပြီဖြစ်ကြောင်း ပြောဆိုခဲ့သလို၊ စက်ရုံမန်နေဂျာကိုယ်တိုင်ကလည်း ၎င်းအနေဖြင့် အဆိုပါ အလုပ်သမားအဖွဲ့အစည်းကို အသိအမှတ်မပြုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းလုပ်ရပ်မှာ ဥပဒေအရ တည်ရှိနေသည့် သမဂ္ဂကို အလုပ်ရှင်ဘက်က လက်ဝါးကြီးအုပ် ဖျက်သိမ်းရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု STUM က ထုတ်ပြန်ထားဖူးသည်။
မြန်မာနိုင်ငံရှိ စစ်ကော်မရှင် သည် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ဆိုင်ရာ သဘောတူညီချက် (Convention 87) ကို ဆိုးရွားစွာနှင့် အစဉ်တစိုက် ချိုးဖောက်နေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က တွေ့ရှိခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ပိတ်ပင်ခံရခြင်း၊ သမဂ္ဂခေါင်းဆောင်များ ဖမ်းဆီးခံရခြင်းနှင့် အလုပ်သမားများအပေါ် အကြမ်းဖက်နှိမ်နင်းခြင်းများ ရှိခဲ့သဖြင့် အလုပ်သမားအများအပြားမှာ ပုန်းရှောင်နေကြရခြင်း သို့မဟုတ် ပြည်ပသို့ တိမ်းရှောင်သွားကြရခြင်းများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံတွင် အလုပ်သမားသမဂ္ဂများအပေါ် ဖိနှိပ်ချုပ်ချယ်နေမှုကို အဆုံးသတ်ရန် ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) က (၁၄) ၎င်းတို့၏ ကြိမ်မြောက် စုံစမ်းရေး အစီရင်ခံစာထဲတွင် တောင်းဆိုထားသည်။
#ILO #ILO Convention 87 #STUM #Bontech #Vizwell #SINGER
#ThanLwinKhetNews
