![]()
သံလွင်ခက်/မတ် ၁၈။ ပုံ-စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရန်ချန်နယ်
တတိယအကြိမ် အမျိုးသားလွှတ်တော်၏ ပထမပုံမှန်အစည်းအဝေးကို ယနေ့ မတ်လ ၁၈ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အဆောက်အအုံ၌ ကျင်းပခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် အောင်လင်းဒွေးနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဂျာဖမ်းနော်တောင်တို့ ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။
အဆိုပါ ရာထူးနေရာများအတွက် အမည်စာရင်းတင်သွင်းရာတွင် တစ်ဦးစီသာ ရှိခဲ့ခြင်းကြောင့် ကန့်ကွက်သူမရှိဘဲ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ထိုရွေးချယ်ပွဲမစတင်မီ တတိယအကြိမ် အမျိုးသားလွှတ်တော်သဘာပတိနေရာအား တစ်ဦးတည်း အမည်စာရင်းတင်သွင်းမှုဖြင့် ဒေါ်ဒွဲဘူအား ရွေးချယ်ခဲ့ကြသည်။
ပုံ-စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရန်ချန်နယ်ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အောင်လင်းဒွေးနှင့် ဒုတိယဥက္ကဋ္ဌ ဂျာဖမ်းနော်တောင်တို့သည် အစည်းအဝေးသဘာပတိ ဒေါ်ဒွဲဘူ (ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် – ၅ ကိုယ်စားလှယ်) ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုပြီး ကတိသစ္စာပြုလွှာ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယနေ့ကျင်းပသည့် အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် ၂၁၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသူ အောင်လင်းဒွေးသည် စစ်ကော်မရှင်လက်အောက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်၍ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို စစ်တပ်က အာဏာသိမ်းမှု နောက်ဆက်တွဲ အနေဖြင့် အမေရိကန်မှ အရေးယူပိတ်ဆို့မှု ခံထားရသူ တစ်ဦးလည်းဖြစ်သည်။

အလားတူပင် ကနေဒါနိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် ဥရောပနိုင်ငံတို့တွင်လည်း ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခံထားရသည်။
ထိုပိတ်ဆို့အရေးယူမှုများတွင် ၎င်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ပိတ်ဆို့ခြင်း၊ ပိတ်ဆို့ထားသည့် နိုင်ငံများတွင် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ခံရခြင်းနှင့် ယင်းနိုင်ငံရှိ နိုင်ငံသားများနှင့် စီးပွားရေးပြုလုပ်ခွင့်မရရှိခြင်းတို့ ပါဝင်သည်။

#တစ်ဦးတည်းသောအမည်တင်သွင်းသူ #အောင်လင်းဒွေး #အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ #ThanLwinKhetNews
