![]()
သံလွင်ခက်/မတ် ၁၈။ ပုံ – နိုင်ငံတကာ လွတ်မြောက်ရေးသားကောင်းများ SOLI အဖွဲ့တည်ထောင်သူ ဗန်ဒိုက် ( ပုံဟောင်း- လူမှုကွန်ရက်)
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ခေတ်မီဒရုန်းနည်းပညာနှင့် စစ်ရေးသင်တန်းများ ပေးအပ်နေသည်ဟု စွပ်စွဲကာ အမေရိကန်နိုင်ငံသား တစ်ဦးနှင့် ယူကရိန်းနိုင်ငံသား ခြောက်ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးမှုသည် မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ပြင်ပစစ်ဘက်ကျွမ်းကျင်သူများ၏ ပါဝင်ပတ်သက်မှုနှင့် နည်းပညာစီးဆင်းမှုကို အိန္ဒိယအာဏာပိုင်များက အနီးကပ်စောင့်ကြည့်ကာ အရေးယူလိုက်သည့် ထူးခြား ဖြစ်စဉ်တစ်ခု ဖြစ်လာသည်။
🟩 ဖမ်းဆီးခံရသူများနှင့် စွပ်စွဲချက်များ
ဖမ်းဆီးခံရသူများတွင် လွတ်မြောက်ရေးသားကောင်းများ ( Sons of Liberty International – SOLI) အဖွဲ့ကို တည်ထောင်သူ အသက် ၄၅ နှစ်အရွယ် အမေရိကန်နိုင်ငံသား မက်သရူး အာရွန် ဗန်ဒိုက် အဓိက ပါဝင်သည်။
၎င်းနှင့်အတူ ယူကရိန်းနိုင်ငံသားများဖြစ်သည့် ဟူဘာ ပတ်ထရို၊ စလစ်ဗီယက် တာရပ်စ်၊ အိုင်ဗန် ဆွတ်မန်နော့စကီး၊ စတီဖန်ကစ် မာရီယန်၊ ဟွန်ချာရွတ် မက်ဆင်နှင့် ကမင်စကီး ဗစ်တာတို့ကို အိန္ဒိယဘက်က ထိန်းသိမ်းထားသည်။
NIA ၏ စွဲချက်များအရ ၎င်းတို့အဖွဲ့သည် အိန္ဒိယသို့ ခရီးသွားဗီဇာဖြင့် ဝင်ရောက်လာပြီးနောက် ကန့်သတ်နယ်မြေခွင့်ပြုချက် (RAP/PAP) မရှိဘဲ မီဇိုရမ်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သည်ဟု ဆိုထားသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဒရုန်းတပ်ဆင်ခြင်း၊ မောင်းနှင်ခြင်းနှင့် Signal Jamming နည်းပညာဆိုင်ရာ စစ်ပညာများ သင်ကြားပေးခဲ့သည်ဟု ဆိုသည်။
ဥရောပမှ အဆင့်မြင့်ဒရုန်းများကို အိန္ဒိယနယ်မြေဖြတ်ကျော်ကာ မြန်မာနိုင်ငံသို့ တရားမဝင် မှောင်ခိုတင်သွင်းခဲ့သည်ဟုလည်း အိန္ဒိယ သတင်းများက ဖော်ပြသည်။

ပုံ – လက်ရှိတွင် ဒေလီအထူးတရားရုံးက ဖမ်းဆီးခံရသူများကို မတ်လ ၂၇ ရက်အထိ NIA ထိန်းသိမ်းရေးအောက်တွင် စစ်ဆေးရန် အမိန့်ပေးထားသည်။ ( ဓာတ်ပုံ -the times of india)
🟩 ဗန်ဒိုက် – လွတ်မြောက်ရေးတိုက်ပွဲဝင်သူလား၊ ကြေးစားစစ်သားလား
မက်သရူး အာရွန် ဗန်ဒိုက် သည် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် သမိုင်းကြောင်းရှိသူဖြစ်သည်။
ဝေဖန်သူအချို့က ၎င်းကို အမေရိကန်အကျိုးစီးပွားအတွက် လှုပ်ရှားသည့် “အသုံးချခံ” သို့မဟုတ် “ကြေးစားစစ်သား” အဖြစ် ရှုမြင်ကြသော်လည်း ဗန်ဒိုက်ကမူ သူသည် အကာအကွယ်မဲ့သူများအတွက် တိုက်ပွဲဝင်ပေးနေသည့် “Freedom Fighter” သာဖြစ်ကြောင်း အမြဲ တုံ့ပြန်လေ့ရှိသည်။
လက်ရှိ အိန္ဒိယနိုင်ငံ၏ စုံစမ်းစစ်ဆေးမှုများတွင်လည်း ဗန်ဒိုက်ကို CIA နှင့် တရားဝင် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ပတ်သက်မှုရှိသည်ဟူသော လူသိရှင်ကြား အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရသေးပေ။

🟩 နိုင်ငံတကာ လွတ်မြောက်ရေးသားကောင်းများ
ဗန်ဒိုက် တည်ထောင်ထားသောနိုင်ငံတကာ လွတ်မြောက်ရေးသားကောင်းများ SOLI အဖွဲ့သည် အာဏာရှင်များနှင့် အကြမ်းဖက်သမားများကို ခုခံတိုက်ခိုက်နေသည့် အကာအကွယ်မဲ့ လူ့အဖွဲ့အစည်းများကို အခမဲ့ စစ်ရေးအကြံပေးခြင်းနှင့် သင်တန်းပေးခြင်းတို့ကို လုပ်ဆောင်သည်ဟု ဖော်ပြထားသည်။
SOLI အဖွဲ့သည် အီရတ်တွင် ISIS ကို တိုက်ခိုက်နေသည့် ခရစ်ယာန်လက်နက်ကိုင်များကို သင်တန်းပေးခြင်း၊ ဆီးရီးယားပြည်တွင်းစစ်တွင် အကြံပေးခြင်းနှင့် ၂၀၂၂ ခုနှစ်မှစ၍ ယူကရိန်းစစ်မြေပြင်တွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ၎င်းသည် ဗင်နီဇွဲလားနိုင်ငံရှိ သမ္မတ Nicolás Maduro ကို ဖြုတ်ချရန်အတွက် ၂၀၁၉ ခုနှစ်ကတည်းက လျှို့ဝှက်စစ်ဆင်ရေးများကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့ဖူးသည်။
🟩 အိန္ဒိယ၏ လုံခြုံရေးစိုးရိမ်မှု
NIA က ဤအမှုကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (UAPA) အရ အမှုဖွင့်ထားခြင်းမှာ အိန္ဒိယ၏ အမျိုးသားလုံခြုံရေးနှင့် တိုက်ရိုက်သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
မြန်မာတိုင်းရင်းသားလက်နက်ကိုင်များထံသို့ စီးဝင်သွားသော ဤအဆင့်မြင့်နည်းပညာများသည် မြန်မာနိုင်ငံအတွင်း ခိုလှုံနေသည့် အိန္ဒိယသူပုန်အဖွဲ့များ (ဥပမာ – UNLF, PLA-Manipur) ထံသို့ ဆက်လက်ရောက်ရှိသွားမည်ကို အိန္ဒိယဘက်က အလွန်စိုးရိမ်သည်။
ထိုသို့သော နည်းပညာဖြန့်ဝေမှုများသည် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ ပြည်နယ်များ၏ တည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည်ဟု အာဏာပိုင်များက ယူဆထားသည်။

ပုံ – အိန္ဒိယ နိုင်ငံ၏ ထိပ်သီးအဆင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအေဂျင်စီဖြစ်သော အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (ပုံဟောင်း – The Indian Express )
🟩 ဥပဒေကြောင်းအရ ရင်ဆိုင်မှုနှင့် သံတမန်ရေး
လက်ရှိတွင် ဒေလီအထူးတရားရုံးက ဖမ်းဆီးခံရသူများကို မတ်လ ၂၇ ရက်အထိ NIA ထိန်းသိမ်းရေးအောက်တွင် စစ်ဆေးရန် အမိန့်ပေးထားသည်။ တရားခံများ၏ ရှေ့နေ Pramod Kumar Dubey ကမူ ဤဖမ်းဆီးမှုသည် အထောက်အထားခိုင်လုံမှုမရှိဘဲ ဗီယင်နာကွန်ဗင်းရှင်းပါ နိုင်ငံခြားသားများ၏ အခွင့်အရေးကို ချိုးဖောက်နေသည်ဟု ဆိုကာ ကန့်ကွက်ထားသည်။
အမေရိကန်သံရုံးက ဖြစ်စဉ်ကို သိရှိထားသော်လည်း Privacy ကြောင့် မှတ်ချက်ပေးရန် ငြင်းဆိုထားပြီး ယူကရိန်းသံရုံးကမူ ၎င်းတို့နိုင်ငံသားများအတွက် ရှေ့နေခန့်အပ်ကာ စုံစမ်းစစ်ဆေးမှုကို အနီးကပ်စောင့်ကြည့်နေသည်။
🟩 မြန်မာ့အရေးအပေါ် သက်ရောက်မှု
ဤဖြစ်စဉ်သည် မြန်မာနိုင်ငံအတွင်းရှိ တော်လှန်ရေးအင်အားစုများအတွက် နည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအပေါ် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
အထူးသဖြင့် အိန္ဒိယအစိုးရနှင့် စစ်ကော်မရှင်အကြား နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတင်းကြပ်လာနိုင်သည့် အချက်ပြမှုတစ်ခုလည်း ဖြစ်နေသည်ဟု ဆိုကြသည်။
ရည်ညွှန်းကိုးကား- အိန္ဒိယသတင်းများ
#မြန်မာ့တော်လှန်ရေးတပ် #ဒရုန်းနည်းပညာ #စစ်သင်တန်းပေး #အမေရိကန် #ယူကရိန်းနိုင်ငံသား #အိန္ဒိယဖမ်းဆီး #ThanLwinKhetNews
