![]()
သံလွင်ခက်/မတ် ၁၈။ Image – Shutterstock
စိတ်ကျန်းမာရေး ဝေဒနာရှင်များအကြား ဆေးခြောက်ကို ဆေးဝါးအဖြစ် အားကိုးအားထားပြု သုံးစွဲမှု မြင့်တက်နေသော်လည်း ယင်းသည် သိပ္ပံနည်းကျ ထိရောက်မှုရှိကြောင်း ခိုင်လုံသည့် အထောက်အထား မရှိသလောက်ပင်ဖြစ်ကြောင်း သုတေသနအသစ်တစ်ခုက ထောက်ပြလိုက်သည်။
ဩစတြေးလျ သုတေသနအဖွဲ့၏ လေ့လာချက်အရ ဆေးခြောက်သည် စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှု ဝေဒနာများအတွက် အကျိုးသက်ရောက်မှု မရှိသည့်အပြင် လူငယ်များတွင် စိတ်ဖောက်ပြန်မှု (Psychosis) ဖြစ်နိုင်ခြေကိုပင် မြင့်တက်စေနိုင်ကြောင်း သတိပေးထားသည်။
နာတာရှည် နာကျင်ကိုက်ခဲမှု ဝေဒနာများနည်းတူ စိတ်ကျန်းမာရေး ချို့ယွင်းမှုများသည် လူအများ ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးစွဲရသည့် အဓိကအကြောင်းရင်းများ ဖြစ်နေသည်။
သို့သော်လည်း လွန်ခဲ့သည့် ၄၅ နှစ်အတွင်း ပြုလုပ်ခဲ့သော ဆေးခြောက်ဆိုင်ရာ သုတေသနများကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်မှုတစ်ခုအရ ယင်းသို့ သုံးစွဲခြင်းသည် ထိရောက်မှုရှိကြောင်း ပြသနိုင်သည့် အရည်အသွေးမြင့် အထောက်အထား မရှိသလောက်ပင် ဖြစ်ကြောင်း ဖော်ပြထားသည်။
The Lancet Psychiatry ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည့် အဆိုပါ လေ့လာမှုရလဒ်များက ပြည်သူလူထု၏ ဆေးခြောက်အပေါ် ယုံကြည်လက်ခံမှုသည် သိပ္ပံနည်းကျ သုတေသနပြုချက်များထက် များစွာ ကျော်လွန်နေကြောင်း မီးမောင်းထိုးပြနေသည်။
အဆိုပါ သုတေသနသည် ဆေးခြောက်နှင့် စိတ်ကျန်းမာရေး ဆက်စပ်မှုကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာထားသည့် အကြီးမားဆုံး ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။
ဩစတြေးလျ သုတေသနအဖွဲ့တစ်ဖွဲ့သည် စမ်းသပ်မှုပေါင်း ၅၀ ကျော်ကို လေ့လာခဲ့ပြီး ဝေဒနာအမျိုးမျိုးနှင့် ဆေးခြောက်ပါဝင်မှု ပုံစံအမျိုးမျိုးကို နှိုင်းယှဉ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ ဆေးခြောက်သည် စိုးရိမ်ပူပန်မှု၊ စိတ်ဒဏ်ရာကြောင့်ဖြစ်သော စိတ်ဝေဒနာ (PTSD) နှင့် စိတ်ဓာတ်ကျခြင်း အစရှိသည့် စိတ်ကျန်းမာရေးပြဿနာများအတွက် အထောက်အကူဖြစ်စေကြောင်း အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရပေ။
အဆိုပါ ဝေဒနာများသည် ဆေးခြောက်သုံးစွဲသူများ အဓိက အကြောင်းပြလေ့ရှိသည့် ဝေဒနာများလည်း ဖြစ်သည်။
အိပ်မပျော်ခြင်း၊ အော်တစ်ဇင် (Autism) နှင့် အာရုံကြောကြောင့် ဖြစ်တတ်သော တုန်ယင်သည့်ဝေဒနာ (Tourette’s syndrome) တို့အတွက်မူ အချက်အလက် အနည်းငယ်ရှိသော်လည်း ယင်းတို့ကိုပင် “အရည်အသွေးနိမ့်” အထောက်အထားများအဖြစ်သာ သုတေသနပညာရှင်များက သတ်မှတ်ခဲ့ကြသည်။
“ကျွန်တော်တို့ ဆေးခြောက်နဲ့ပတ်သက်ပြီး သုတေသနတွေ အများကြီး ထပ်လုပ်ဖို့ လိုအပ်နေပါသေးတယ်” ဟု ဆစ်ဒနီတက္ကသိုလ်မှ သုတေသနပညာရှင် ဂျက်ခ် ဝီလ်ဆင် (Jack Wilson) က ပြောကြားသည်။
၎င်းက ဆက်လက်၍ “လက်ရှိအချိန်မှာ ခိုင်လုံတဲ့ အထောက်အထား မရှိသေးတဲ့အတွက် စိတ်ကျန်းမာရေး ဝေဒနာတွေအတွက် ဆေးခြောက်ကို ပုံမှန်သုံးစွဲဖို့ ဆိုတာကတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အကြောင်းပြချက် မရှိသလောက်ပါပဲ” ဟု ဆိုသည်။
အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်အတော်များများက ဆေးခြောက်ကို တရားဝင် ခွင့်ပြုထားသော်လည်း ယင်းသည် ဆေးပညာအရ ယုံကြည်စိတ်ချရသည့် အရည်အသွေးမြင့် သုတေသနများအတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲမလာခဲ့ပေ။
အချို့သော ဝေဒနာများအတွက်မူ လေ့လာစမ်းသပ်ထားသည့် အချက်အလက် လုံးဝမရှိသည်ကိုပင် တွေ့ရသည်။
တစ်ဖက်တွင်လည်း အခြားသော ပညာရှင်အချို့က ဆေးခြောက်တွင် ပါဝင်သည့် ဒြပ်ပေါင်းအမျိုးမျိုး (ဥပမာ – CBD) ၏ သီးခြားအာနိသင်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ထောက်ပြကြသည်။
အချို့သော လူနာများတွင် ဆေးခြောက်ကြောင့် သိသိသာသာ သက်သာလာမှုများ ရှိသော်လည်း အချို့မှာမူ မည်သည့်ထူးခြားမှုမျှ မရှိသည့်အပြင် အချို့တွင် ဝေဒနာပိုမို ဆိုးရွားလာတတ်ကြောင်း ပညာရှင်များက သတိပေးထားသည်။
အထူးသဖြင့် ဆယ်ကျော်သက်များနှင့် လူငယ်များတွင် ဆေးခြောက်သုံးစွဲခြင်းက နောင်တစ်ချိန်တွင် စိတ်ဖောက်ပြန်မှု (Psychosis) ဖြစ်နိုင်ခြေကို မြင့်တက်စေကြောင်း ခိုင်လုံသည့် အထောက်အထားများ ရှိနေသည်။
ထို့ကြောင့် ဆရာဝန်များအနေဖြင့် ဆေးခြောက်သုံးစွဲနေသည့် လူနာများနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ရန်နှင့် အထူးသဖြင့် စိတ်ဝေဒနာပြင်းထန်သူများအနေဖြင့် ဆေးခြောက်ပြင်းအား မြင့်မားသည့် ထုတ်ကုန်များကို သုံးစွဲခြင်းက ပိုမို အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားကြသည်။
Ref – Sparse evidence for cannabis to treat mental health conditions highlights research gap written by Will Stone ( NPR )
