![]()
သံလွင်ခက်/မတ် ၁၉။ ပုံ – ကျောက်ကြီးတွင် စစ်ကော်မရှင် ပစ်ခတ်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး ( KNU )
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်)၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်အတွင်းသို့ စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်စဉ် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ကလေးငယ်တစ်ဦး သေဆုံးကာ ၎င်း၏ မိဘနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း KNU ကထုတ်ပြန်သည်။
မတ်လ ၁၇ ရက် နံနက်ပိုင်းတွင် ဆေးရိုးခင်အခြေစိုက် စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ဇရပ်ခင်၊ နံဇလေးနှင့် သဲဖြူ စသည့်ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။
ထိုသို့ ဝင်ရောက်လာစဉ် ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ကြိုးပမ်းနေသည့် ဇရပ်ခင်ရွာမှ မိသားစုတစ်စုကို စစ်ကော်မရှင်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာ (သဲဖြူရွာသစ်၊ ရွှေတဲစု၊ ပေါက်ကုန်း၊ သဲဖြူရွာဟောင်း၊ ဇရပ်ခင်၊ နံဇလေး၊ ရွာသာယာနှင့် သစ်တဲကျေးရွာ) မှ အိမ်ခြေ ၄၀၇ အိမ်၊ လူဦးရေ ၁,၇၄၃ ဦးခန့်မှာ အိုးအိမ်စွန့်ခွာကာ တောတောင်များအတွင်းသို့ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်။

ပုံ – KNU
အလားတူ ခလယ်လွီထူခရိုင်အတွင်းရှိ အခြားကျေးရွာများဖြစ်သော ရေတွင်းကုန်း၊ ကျောင်းကုန်း၊ ဝါဒဲ၊ အင်းပရစ် နှင့် ဒလဆိပ် စသည့်ရွာများမှ ဒေသခံ ၄,၀၉၇ ဦးမှာလည်း စစ်ကော်မရှင်၏ လက်နက်ကြီးအန္တရာယ်ကြောင့် အရေးပေါ် တိမ်းရှောင်နေရကြောင်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက မတ်လ ၁၄ ရက်နေ့တွင် အတည်ပြုထားသည်။
လယ်ဒိုမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ တိုက်ခိုက်မှုများသည် ယခုရက်ပိုင်းအတွင်း ပိုမိုစိပ်မံလာနေသည်။
မတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ကန်ကလေးအခြေစိုက် စစ်ကော်မရှင်တပ်က ကညင်ကျွန်းရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၅ လုံး ပျက်စီးခဲ့ရသည်။

ပုံ – KNU
ထို့ပြင် မတ်လ ၁၃ ရက် ညပိုင်းတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့ရကာ ၃ လသားအရွယ် ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် မြေပြင်စစ်ကြောင်းထိုးခြင်း၊ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသဖြင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်မှာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု KNU က အသိပေးထားသည်။
#ကျောက်ကြီး#ညောင်လေးပင်#လက်နက်ကြီးကျ#စစ်ကော်မရှင်
