![]()
သံလွင်ခက်/မတ် ၁၈။ ပုံ – ကရင်နီသက္ကရာဇ် ၂၇၆၅ နှစ်မြောက် နှစ်သစ်ကူးအခမ်းအနား (KnIC)
ကရင်နီသက္ကရာဇ် ၂၇၆၅ ခုနှစ်သို့ ကူးပြောင်းသည့် “ကရင်နီနှစ်သစ်ကူးနေ့” အခမ်းအနားကို ယနေ့ မတ်လ ၁၈ ရက်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်ရာနယ်မြေ တစ်နေရာ၌ ကျင်းပခဲ့ကြောင်း ကရင်နီပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါ အခမ်းအနားသို့ ကရင်နီပြည်အစိုးရ (IEC) ဒုတိယဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ KNPP မှ တာဝန်ရှိသူများ၊ ကရင်နီတပ်မတော် (KA) မှ အရာရှိများနှင့် ရဲဘော်များအပြင် ဒေသခံပြည်သူများပါ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား အစီအစဉ်အရ ရှေးဦးစွာ ကရင်နီအမျိုးသားအလံတော်နှင့် တော်လှန်ရေးခရီးကြမ်းအတွင်း ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများအား အလေးပြုကြသည်။ ထို့နောက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော နှစ်သစ်ကူးသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

ပုံ – (KnIC)
ယခုနှစ် အခမ်းအနားတွင် ကရင်နီနှစ်သစ်ကူးနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို ပြန်လည်ရှင်သန်စေရန် ရှင်းလင်းတင်ပြခဲ့ကြသလို၊ လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍လည်း တာဝန်ရှိသူများက ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကရင်နီပြည်နယ်အတွင်း စစ်ကော်မရှင် (SAC) နှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးတင်းမာမှုများ ရှိနေသည့်ကြားမှပင် မိမိတို့၏ အမျိုးသားရေးနေ့ထူးနေ့မြတ်ကို အစဉ်အလာမပျက် ကျင်းပခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#ကရင်နီ #သက္ကရာဇ်၁၇၆၅နှစ်မြောက် #နှစ်သစ်ကူးအခမ်းအနား #KNPP #ကျင်းပ #ThanLwinKhetNews
