![]()
သံလွင်ခက်/မတ် ၁၈၊၂၀၂၆။ ပုံ : ကန်ချနာဘူရီသတင်းအဖွဲ့
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်ရှိ စွန့်ပစ်ထားသော အပန်းဖြေစခန်းတစ်ခုတွင် လျှပ်စစ်ဓာတ်အားများကို နည်းပညာသုံး၍ အကြီးအကျယ် ခိုးယူကာ တရားမဝင် ဘစ်ကွိုင် (Bitcoin) တူးဖော်နေသည့် နေရာတစ်ခုကို မတ်လ ၁၇ ရက်နေ့က ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့ရာ စက်ပစ္စည်းအလုံးပေါင်း ၃၀၀ နီးပါး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကန်ချနာဘူရီခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဖာဆာဝီ ရူဝမ်ဖူး (Pol. Maj. Gen. Phasawee Ruangphu) ဦးဆောင်သော ရဲတပ်ဖွဲ့နှင့် လျှပ်စစ်ဌာနတာဝန်ရှိသူများသည် ပါ့ပရက် (Pak Phraek) ရပ်ကွက်ရှိ အဆိုပါနေရာကို တရားရုံးဝရမ်းဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

စီးနင်းမှုအတွင်း တရားမဝင် ဘစ်ကွိုင်တူးစက် ၂၈၀ လုံးနှင့် ဆက်စပ်အီလက်ထရွန်နစ်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါ တရားမဝင်လုပ်ငန်းသည် လျှပ်စစ်မီတာခ ရှောင်လွှဲရန်အတွက် စနစ်တကျ ပြင်ဆင်ထားကြောင်း စစ်ဆေးတွေ့ရှိရသည်။
အပန်းဖြေစခန်း၏ ရှေ့ဘက်တွင် 250 KVA ထရန်စဖော်မာတစ်ခုကို အယောင်ပြတပ်ဆင်ထားပြီး မြေအောက်မှ ပေပေါင်း ၂,၃၀၀ ခန့် (မီတာ ၇၀၀) ရှည်လျားသော ကေဘယ်ကြိုးများကို တရားမဝင်သွယ်တန်းကာ စခန်းအတွင်း၌ 2,500 KVA ထရန်စဖော်မာ အကြီးစားတစ်ခုနှင့် ချိတ်ဆက်အသုံးပြုနေခြင်းဖြစ်သည်။

ထိုင်းလျှပ်စစ်ဌာန (Engineering Department) ညွှန်ကြားရေးမှူး နာယုံ မေထီ ဆုကမ် (Mr. Methee Sukkam) ၏ ပြောကြားချက်အရ အဆိုပါလုပ်ငန်းသည် လစဉ် ဘတ် ၁၅,၀၀၀ ခန့်သာ မီတာခပေးဆောင်နေသော်လည်း အမှန်တကယ် လည်ပတ်မှုအတွက် လစဉ် ဘတ် ၃.၅ သန်းခန့် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလမှ ယခုအချိန်အထိ ၅ လတာကာလအတွင်း လျှပ်စစ်ဌာနအနေဖြင့် ဘတ် ၁၆ သန်းကျော် (မြန်မာကျပ်ငွေ သန်းပေါင်းများစွာ) ဆုံးရှုံးခဲ့ရသည်။

ရဲမှူးချုပ် ဖာဆာဝီက “ဒီဖမ်းဆီးမှုဟာ ရဲတပ်ဖွဲ့နဲ့ လျှပ်စစ်ဌာနတို့ ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ဖြစ်ပါတယ်။ အခုလို တရားမဝင် လျှပ်စစ်ခိုးယူသုံးစွဲပြီး ဒီဂျစ်တယ်ငွေကြေးတူးဖော်တဲ့ ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဒေသဆိုင်ရာ ရဲဌာနချုပ်က ညွှန်ကြားထားပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် အဆိုပါလုပ်ငန်းနှင့် ဆက်စပ်နေသူအချို့၏ အထောက်အထားများကို ရရှိထားပြီးဖြစ်ရာ ၎င်းတို့ကို ရာဇဝတ်ကြောင်းအရသာမက နစ်နာကြေးအတွက် တရားမကြောင်းအရပါ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Ref: ကန်ချနာဘူရီသတင်းအဖွဲ့
