![]()
ပုံစာ – ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ ကျေးရွာအသီးသီးတွင် နေထိုင်ကြသော မူစလင်အဖွဲ့ အစည်းများက ကြီးမှူးကျင်းပသည့် ဝါဖြေပွဲ (Eid al-Fitr) သို့ ULA/AA တာဝန်ရှိသူများ သံလွင်ခက်/မတ် ၁၇။ တက်ရောက် ဂုဏ်ပြု ( ပုံ – Deep Sigh)
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ ကျေးရွာအသီးသီးတွင် နေထိုင်ကြသော မူစလင်အဖွဲ့အစည်းများက ကြီးမှူးကျင်းပသည့် ဝါဖြေပွဲ (Eid al-Fitr) သို့ ULA/AA တာဝန်ရှိသူများ တက်ရောက် ဂုဏ်ပြုအားပေးခဲ့ကြောင်း သိရသည်။
မတ်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် ကျင်းပခဲ့သည့် ယင်းအခမ်းအနားသည် ဒေသတွင်း လူမှုသဟဇာတဖြစ်မှုကို ပြသသည့် ထူးခြားသော ဖြစ်ရပ်တစ်ခုဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
အစ္စလာမ်ဘာသာဝင်တို့၏ မြတ်နိုးတန်ဖိုးထားရာ ရမ်ဇာန်ဥပုသ်လ ကုန်ဆုံးခြင်းအထိမ်းအမှတ်ဖြစ်သော ဝါဖြေပွဲကို မြောက်ဦးခရိုင်အတွင်းရှိ ကျေးရွာအများအပြားတွင် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

( ပုံ – Deep Sigh)
ရမ်ဇာန်လအတွင်း အစ္စလာမ်ဘာသာဝင်များသည် အရုဏ်တက်ချိန်မှ နေဝင်ချိန်အထိ အစားအသောက်များကို ရှောင်ကြဉ်ကာ ဘာသာရေးအရ ဝတ်ပြုကိုးကွယ်ခြင်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်အပေါ် သက်ဝင်ယုံကြည်မှုကို ပြသခြင်းစသည့် ဘာသာရေးဝတ္တရားများကို ဖြည့်ဆည်းခဲ့ကြသည်။

( ပုံ – Deep Sigh)
ပွဲတော်ကာလအတွင်း ဗလီကျောင်းတော်များ၌ စုပေါင်းဝတ်ပြုဆုတောင်းခြင်းနှင့် လူမှုရေးအရ စုဝေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် မူစလင်ဒေသခံများက ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသခံတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများကို ရိုးရာအစားအစာများ၊ မုန့်ပဲသရေစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
ယင်းအခမ်းအနားသို့ ရက္ခိုင်ပြည်သူ့အစိုးရမှ စစ်ဘက်ဆိုင်ရာအရာရှိများ၊ ခရိုင်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကာ နှုတ်ခွန်းဆက်စကားများ ပြောခဲ့ကြခြင်းဖြစ်သည်။

( ပုံ – Deep Sigh)
ထိုသို့ တက်ရောက်ခြင်းမှာ ဒေသတွင်းရှိ မတူကွဲပြားသော လူ့အဖွဲ့အစည်းများအကြား အပြန်အလှန်လေးစားမှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းမှုဖြစ်ကြောင်း ဒေသခံများက ရှုမြင်ကြသည်။

( ပုံ – Deep Sigh)
