![]()
သံလွင်ခက်/မတ် ၁၇။ ဓာတ်ပုံ – Human Rights Myanmar နှင့် လွတ်လပ်သောမြန်မာသတင်း မီဒီယာကောင်စီ ( IPCM ) ၏ အစီရင်ခံစာမျက်နှာဖုံး
၂၀၂၅-၂၆ ရွေးကောက်ပွဲကာလအတွင်း စစ်ကော်မရှင်သည် လူထု၏ သတင်းသိပိုင်ခွင့်ကို စနစ်တကျ ပိတ်ဆို့ခဲ့ပြီး ပြည်သူများကို ၎င်းတို့၏ စောင့်ကြည့်ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေရန် နည်းဗျူဟာကျကျ တွန်းပို့ခဲ့ကြောင်း အစီရင်ခံစာအသစ်တစ်ခု ဖော်ထုတ်လိုက်သည်။
Human Rights Myanmar နှင့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ ( IPCM ) တို့ ပူးပေါင်း၍ ထုတ်ပြန်လိုက်သည့် အဆိုပါ အစီရင်ခံစာတွင် ၂၀၂၅-၂၆ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်သော သတင်းမီဒီယာများအပေါ် စစ်ကော်မရှင်၏ စနစ်တကျ ပိတ်ဆို့ကန့်သတ်ပုံနှင့် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချကာ လူထုကို စောင့်ကြည့်ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည့် အခြေအနေများကို အသေးစိတ် ဖော်ပြထားသည်။
အစီရင်ခံစာ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် အတုအယောင်ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်သော သတင်းမီဒီယာများ၏ ဝဘ်ဆိုက် ၉၃ ရာခိုင်နှုန်းခန့်ကို စစ်ကော်မရှင်က ပိတ်ဆို့ထားခဲ့သည်။
ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်ပြီး အရွယ်အစားကြီးမားသည့် သတင်းမီဒီယာဝဘ်ဆိုက်များသို့ ဝင်ရောက်နိုင်မှုကို ၉၃ % အထိ တိုးမြှင့်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် စစ်တပ်၏ သတင်းဌာနကြီးများဖြစ်သည့် Myanmar Now (၉၈ %)၊ The Irrawaddy (၉၈ %) နှင့် Mizzima (၉၂ %) တို့ကို အပြင်းထန်ဆုံး ပစ်မှတ်ထားခဲ့သည်။
လွတ်လပ်သော မီဒီယာများကို ၉၀ % ကျော် ပိတ်ဆို့ထားသော်လည်း စစ်တပ်နှင့် အဆင်ပြေသည့် သတင်းဌာန (ဥပမာ – Eleven Media) ကိုမူ ၀ % မှ ၁ % ခန့်သာ ကန့်သတ်ထားသည်။
ဤသို့ဖြင့် အွန်လိုင်းပေါ်တွင် စစ်တပ်၏ ဝါဒဖြန့်မှုများသာ လွှမ်းမိုးစေပြီး ပြည်သူများအကြား မှန်ကန်သော သတင်းအချက်အလက် ကင်းမဲ့သည့် အခြေအနေကို တမင်ဖန်တီးထားခြင်း ဖြစ်သည်။
ထူးခြားသည်မှာ ပိတ်ဆို့မှု၏ ၉၈ ရာခိုင်နှုန်းမှာ တိုက်ရိုက်ပိတ်ဆို့ခြင်းမျိုးမဟုတ်ဘဲ၊ အင်တာနက်လိုင်းနှေးကွေးခြင်း သို့မဟုတ် ဝဘ်ဆိုက်များ ပျက်နေခြင်းကဲ့သို့သော “နည်းပညာဆိုင်ရာ ချို့ယွင်းချက်” အသွင်ဆောင်သည့် လျှို့ဝှက်ပိတ်ဆို့မှုများ ဖြစ်သည်။
ဤနည်းလမ်းသည် ပြည်သူများအနေဖြင့် ဆင်ဆာဖြတ်တောက်ခံနေရမှန်း မသိစေရန် ရည်ရွယ်ပြီး၊ မိမိတို့၏ အင်တာနက်ဝန်ဆောင်မှု ညံ့ဖျင်းနေခြင်းသာ ဖြစ်သည်ဟု ထင်မြင်လာစေရန် လှည့်ဖြားသည့်လုပ်ရပ်ဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။
အခြားတဖက်တွင်လည်း စစ်ကော်မရှင်သည် ပြည်သူများအကြား လုံခြုံမှုရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ပင်ပြီး လုံခြုံမှုမရှိသော လမ်းကြောင်းများဆီသို့ လူထုကို တွန်းပို့နေကြောင်းလည်း တွေ့ရှိရသည်။
အစီရင်ခံစာပါ အချက်အလက်များအရ လုံခြုံရေးစနစ် ကောင်းမွန်သည့် Signal ကို ၉၈ ရာခိုင်နှုန်းအထိလည်းကောင်း၊ WhatsApp ကို ၉၇ ရာခိုင်နှုန်းအထိလည်းကောင်း အပြင်းအထန် ပိတ်ဆို့ဖြတ်တောက်ထားသည်။
သို့သော် အသုံးပြုသူ၏ အချက်အလက်များကို စောင့်ကြည့်စစ်ဆေးရန် ပိုမိုလွယ်ကူသည့် Telegram ကဲ့သို့သော အက်ပလီကေးရှင်းကိုမူ ၅ ရာခိုင်နှုန်းခန့်သာ ကန့်သတ်ထားပြီး၊ TikTok နှင့်အတူ လွတ်လပ်စွာနီးပါး အသုံးပြုခွင့်ပေးထားခြင်းမှာ အသုံးပြုသူများ၏ ပြောဆိုဆက်သွယ်မှုများကို စနစ်တကျ ပြန်လည်စောင့်ကြည့်နိုင်ရန် ရည်ရွယ်ပုံရသည်။
သတင်းထောက်များနှင့် သတင်းပေးပို့သူများအနေဖြင့် ၎င်းတို့၏ ဆက်သွယ်မှုများကို ကြားဖြတ်နားထောင်ခြင်းခံရပြီး ဖမ်းဆီးအရေးယူခံရစေရန် စစ်ကော်မရှင်က တမင်ဖန်တီးထားသည့် “စောင့်ကြည့်စစ်ဆေးရေး လမ်းကြောင်း” ဖြစ်ကြောင်း အစီရင်ခံစာက သတိပေးသည်။
ဤဒစ်ဂျစ်တယ်ဆင်ဆာယန္တရား အောင်မြင်စေရန်အတွက် တယ်လီကွန်းကုမ္ပဏီများမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။
အချက်အလက်များအရ အစိုးရပိုင် MPT နှင့် စစ်ကော်မရှင်ပိုင် Mytel တို့မှာ မီဒီယာများကို ၁၀၀ ရာခိုင်နှုန်းနီးပါး ပိတ်ဆို့ထားကာ ရှေ့တန်းမှ ဦးဆောင်နေသည်။
ပုဂ္ဂလိက တယ်လီကွန်းကုမ္ပဏီများမှာလည်း စစ်ကော်မရှင်၏ ခြိမ်းခြောက်မှုများကြောင့် လူ့အခွင့်အရေးဆိုင်ရာ တာဝန်များကို လျစ်လျူရှုကာ အဆိုပါ ဒစ်ဂျစ်တယ် အာဏာသိမ်းမှုတွင် အားပေးကူညီသူများ ဖြစ်လာခဲ့ကြသည်။
တယ်လီကွန်းကုမ္ပဏီများအနေဖြင့် ဝဘ်ဆိုက်များကို ပိတ်ဆို့ရာတွင် နည်းပညာဆိုင်ရာ ချို့ယွင်းချက် (fake technical errors) ကြောင့် ဝဘ်ဆိုက်ပျက်နေသကဲ့သို့ လှည့်ဖြားခြင်း မပြုရန်နှင့် ပိတ်ဆို့ထားကြောင်း ရှင်းလင်းစွာ ဖော်ပြသည့် စာမျက်နှာ (Block pages) များဖြင့် အသုံးပြုသူများကို အသိပေးရန် အစီရင်ခံစာက တောင်းဆိုထားသည်။
နိုင်ငံတကာ အစိုးရများ၊ အဖွဲ့စည်းများ အနေဖြင့်လည်း ဒစ်ဂျစ်တယ် ဆင်ဆာစနစ်ကို ဦးဆောင်ရေးဆွဲ အကောင်အထည်ဖော်နေသည့် စစ်ကော်မရှင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MoTC) ၏ ခေါင်းဆောင်ပိုင်းများကို ပစ်မှတ်ထား၍ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ရန်၊ အတုအယောင်ရွေးကောက်ပွဲကို အသိမှတ်ပြုရန် Human Rights Myanmar နှင့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ ( IPCM ) တို့က တိုက်တွန်းထားသည်။
