![]()
နန်းဆုပန်ခန့်/မတ် ၁၇။ ဓာတ်ပုံ – ကာမီကာဇေ ဒရုန်းနှင့် နှစ်ကြိမ်တိုက်ခိုက်ခံရခြင်းကြောင့် ပလောတပို့ စစ်ရှောင်အချို့ ဘေးလွတ်ရာ ထပ်မံတိမ်းရှောင်နေစဉ် (ပေးပို့)
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ပလောတပို့စစ်ရှောင်စခန်းအတွင်း လတ်တလော ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ဆေးပေးခန်းနှင့် ကျန်းမာရေးဝန်ထမ်းများ ရွှေ့ပြောင်းလိုက်ရသဖြင့် စခန်းအတွင်း ကျန်ရစ်သည့် စစ်ရှောင်ပြည်သူများမှာ အရေးပေါ်ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ကာမီကာဇေ (Kamikaze) ဒရုန်းများ ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်ပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။
ထိုဖြစ်စဉ်ကြောင့် စခန်းအတွင်းရှိ ဆေးပေးခန်း၊ ဆရာဝန်များနှင့် စစ်ရှောင်အတော်များများမှာ ဘေးလွတ်ရာသို့ ထပ်မံပြောင်းရွှေ့သွားကြရာ ကျန်ရှိနေသူများအတွက် ကျန်းမာရေးကွက်လပ် ဖြစ်သွားရခြင်းဖြစ်သည်ဟု စခန်းတာဝန်ခံတစ်ဦးက ဆိုသည်။
“အဓိကတော့ ဆေးခန်းက ပြောင်းသွားပြီဆိုတော့ ဒီမှာကျန်တဲ့ အနည်းအကျဉ်း ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုက ဘာမှမရတော့ဘူး။ ဝမ်းပျက်ဝမ်းလျှောတွေ အရမ်းဖြစ်နေတယ်။ ဆေးတွေလည်း ဘာမှမရှိဘူး။ ကုပေးမယ့်သူလည်း မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါ ပလောတပို့စခန်းသည် မင်းလက်ပံ၊ ဖလူး၊ ထီးမယ်ဝါးခီး နှင့် လေးကေ့ကော် ဒေသများမှ ထွက်ပြေးတိမ်းရှောင်လာကြသည့် ပြည်သူများ အဓိကအားကိုးရာနေရာဖြစ်သော်လည်း ယခုအခါ ဆေးကုသခွင့် လုံးဝမရှိတော့သည့် အခြေအနေဖြစ်နေသည်။
လက်ရှိတွင် ဝမ်းပျက်ဝမ်းလျှောလူနာများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါ (ဆီးချို၊ သွေးတိုး) ရှိသူများအတွက် အခက်အခဲဆုံးဖြစ်နေပြီး အရေးပေါ်လူနာများကို ကျောက်ခက်ဆေးရုံသို့ ပို့ဆောင်နေရသည်။
သို့သော်လည်း စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်နေခြင်းနှင့် ဆီပြတ်လပ်မှုများကြောင့် လူနာတင်ပို့ရန်ပင် ခက်ခဲနေကြောင်း သိရသည်။
စခန်းတာဝန်ရှိသူတစ်ဦးက “ဓာတ်ဆီက ဝယ်ရခက်သလို ဈေးလည်း အရမ်းကြီးတယ်။ ဒါကြောင့် ကားတွေကို တခြားကိစ္စအတွက် လုံးဝမသုံးရဲဘဲ အရေးပေါ်လူနာပို့ဖို့ တစ်ခုတည်းအတွက်ပဲ ချန်ထားရတယ်” ဟု ဆိုသည်။
စစ်ရေးအခြေအနေနှင့် ပတ်သက်၍ စစ်ရှောင်စခန်းနှင့် နီးကပ်သည့် မင်းလက်ပံဒေသတွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကော်မရှင် တပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
ယနေ့တွင်လည်း စစ်ရှောင်စခန်းအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အပြန်အလှန် ဒရုန်းဖြင့် တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း မြေပြင်ရဲဘော်တစ်ဦးက အတည်ပြုသည်
လက်နက်ကြီးသံများနှင့် လုံခြုံရေးစိုးရိမ်မှုများကြားတွင် စစ်ရှောင်စခန်းအတွင်း ကျန်ရှိနေသည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှာ စိတ်ပိုင်းဆိုင်ရာ ပူပန်မှုများအပြင် ရုပ်ပိုင်းဆိုင်ရာ ဆေးဝါးပြတ်လပ်မှုဒဏ်ကိုပါ တစ်ပြိုင်နက်တည်း ခံစားနေရကြောင်း သိရှိရသည်။
