![]()
သံလွင်ခက်/မတ် ၁၇။ ဓါတ်ပုံ -ကေအဲန်ယူ
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ် (ဖြူး) အတွင်းသို့ မတ်လ ၁၃ ရက် ညပိုင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သား လေးဦး သေဆုံးပြီး ၃ လသားအရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU က သတင်းထုတ်ပြန်သည်။

ထိုနေ့ ညပိုင်းတွင် ခမရ-၃၀၇ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့ရာ သဲဖြူရွာသစ်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါပေါက်ကွဲမှုကြောင့် အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၄၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၁၂ နှစ်အရွယ်နှင့် အသက် ၁၀ နှစ်အရွယ် ကလေး နှစ်ဦးတို့ သေဆုံးခဲ့ရပြီး ၃ လသားအရွယ် ကလေးငယ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လယ်ဒိုမြို့နယ်အတွင်း မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင်လည်း ကန်ကလေးရှိ စစ်ကော်မရှင်တပ်မှ ကညင်ကျွန်းကျေးရွာအတွင်းသို့ နှစ်ရက်ဆက်တိုက် ဒရုန်းများဖြင့် ကြဲချခဲ့သောကြောင့် နေအိမ် ငါးလုံး ထိမှန်ပျက်စီးခဲ့ရသည်။

ထို့အပြင် စစ်ကော်မရှင်၏ မြေပြင်စစ်ကြောင်းထိုးမှုနှင့် လက်နက်ကြီး အန္တရာယ်များကြောင့် ညောင်လေးပင်ခရိုင်အတွင်း ရေတွင်းကုန်း၊ ကျောင်းကုန်း၊ ဝါဒဲ၊ အင်းပရစ်နှင့် ဒလဆိပ် စသည့် ကျေးရွာများရှိ ဒေသခံပြည်သူ စုစုပေါင်း ၄,၀၉၇ ဦး အိုးအိမ် စွန့်ခွာပြီး ဘေးလွတ်ရာကို အရေးပေါ် တိမ်းရှောင်နေကြရသည်ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက မတ်လ ၁၄ ရက်က ထုတ်ပြန်ထားသည်။
#လယ်ဒို #လက်နက်ကြီး #ကျရောက်ပေါက်ကွဲ #လသားကလေးငယ် #ထိခိုက်ဒဏ်ရာရ #ThanLwinKhetNews
