![]()
သံလွင်ခက်/မတ် ၁၇။ Ref : The Guardian/Photograph: Aaron Schwartz/EPA
အမေရိကန်၏ ရေနံပိတ်ဆို့မှုကြောင့် ကျူးဘားတစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်နေချိန်တွင် သမ္မတ ဒေါ်နယ်ထရန့်ပ်က ၎င်းအနေဖြင့် “ကျူးဘားကို သိမ်းပိုက်ခွင့်ရမည့် ဂုဏ်ယူဖွယ်အခွင့်အရေး” ကို မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
ကျူးဘားနိုင်ငံ၏ အနာဂတ်နှင့်ပတ်သက်၍ ဟာဗားနားအစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း၊ သမ္မတထရန့်ပ်က ကျူးဘားအပေါ် မိမိအနေဖြင့် “အလိုရှိရာကို လုပ်ဆောင်နိုင်သည်” ဟု တနင်္လာနေ့က ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်တစ်သက်လုံး အမေရိကန်နဲ့ ကျူးဘားအကြောင်းကို ကြားလာခဲ့တာပါ။ အမေရိကန်က ဘယ်တော့များမှ (ကျူးဘားကို) ကိုင်တွယ်မလဲဆိုတာ လူတွေက စောင့်ကြည့်နေခဲ့ကြတာ” ဟု အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “ကျွန်တော့်အနေနဲ့ ကျူးဘားကို သိမ်းပိုက်ခွင့်ရမယ့် ဂုဏ်ယူဖွယ်အခွင့်အရေး ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် သူတို့ကို လွတ်မြောက်အောင်ပဲ လုပ်လုပ်၊ ဒါမှမဟုတ် သိမ်းပိုက်လိုက်တာပဲဖြစ်ဖြစ် ကျွန်တော် အလိုရှိတာကို လုပ်နိုင်ပါတယ်။ အမှန်အတိုင်း ပြောရရင် အခုချိန်မှာ သူတို့ဟာ အင်မတန် အားနည်းနေတဲ့ နိုင်ငံတစ်ခု ဖြစ်နေပါပြီ” ဟု ဆိုသည်။
သမ္မတထရန့်ပ်၏ ပြောကြားချက်အပြီး မကြာမီမှာပင်၊ မကြာသေးခင်က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများ၌ အမေရိကန်တာဝန်ရှိသူများက ကျူးဘားသမ္မတ မီဂွယ် ဒီယက်ဇ် ကာနယ် (Miguel Díaz-Canel) ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြောင်း နယူးယောက်တိုင်းမ် (New York Times) သတင်းစာက ဖော်ပြခဲ့သည်။
ယင်းသတင်းကို ဆွေးနွေးပွဲနှင့် နီးစပ်သည့် အမည်မဖော်လိုသူ လေးဦးကို ကိုးကား၍ ရေးသားထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကျူးဘား၏ အဓိက အကူအညီပေးသူ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးပြီးနောက်ပိုင်း အမေရိကန်သည် ၎င်း၏ ရန်ဘက်ဟောင်းဖြစ်သော ကျူးဘားအပေါ် ဖိအားများကို အရှိန်မြှင့်ခဲ့သည်။
ထရန့်ပ်အစိုးရသည် ဗင်နီဇွဲလားမှ ကျူးဘားသို့ ရေနံတင်ပို့မှုများကို ဖြတ်တောက်ခဲ့ပြီး ကျူးဘားသို့ ရေနံရောင်းချသည့် မည်သည့်နိုင်ငံကိုမဆို အခွန်တိုးမြှင့်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ကျူးဘား၏ လျှပ်စစ်ဓာတ်အားပေးစနစ် လုံးဝရပ်ဆိုင်းသွားခဲ့ရသည်။
အသက် ၆၅ နှစ်အရွယ်ရှိ သမ္မတ ဒီယက်ဇ် ကာနယ်ကို ရာထူးမှ ဖယ်ရှားနိုင်ပါက ကျူးဘားကို နှစ်ပေါင်း ၇၀ နီးပါး အုပ်ချုပ်လာသည့် ကွန်မြူနစ်အစိုးရ၏ အဓိက ခေါင်းဆောင်တစ်ဦးကို ဖယ်ရှားနိုင်မည်ဖြစ်သည်။
သို့သော် ကျူးဘားအစိုးရသည် ၎င်းတို့၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုကို အစဉ်တစိုက် ငြင်းပယ်လေ့ရှိပြီး ယင်းကဲ့သို့သော တောင်းဆိုမှုများသည် မည်သည့်သဘောတူညီချက်ကိုမဆို ပျက်ပြားစေနိုင်သည်ဟု သတိပေးထားသည်။
ကျူးဘားနွယ်ဖွား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ကလည်း ကျူးဘားတွင် အစိုးရအပြောင်းအလဲဖြစ်ရန် လိုလားကြောင်း ရှင်းလင်းစွာ ပြောဆိုထားဖူးသည်။
သမ္မတထရန့်ပ်ကလည်း “မိတ်ဆွေကဲ့သို့ သိမ်းပိုက်ခြင်း” (Friendly Takeover) ဟု ယခင်က သုံးနှုန်းခဲ့သော်လည်း ယခုအခါတွင်မူ “မိတ်ဆွေကဲ့သို့ ဖြစ်ချင်မှ ဖြစ်လိမ့်မည်” ဟု သတင်းထောကများကို ပြောကြားခဲ့သည်။
ဇန်နဝါရီလတွင် ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချပြီးနောက် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်ကို တိုက်ခိုက်ခဲ့သည့် ထရန့်ပ်က ကျူးဘားသည် “နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း အရိပ်အမြွက် ပြောဆိုထားသည်။
၂၀၁၈ ခုနှစ်တွင် ဖီဒယ်ကတ်စထရိုနှင့် ရာအူးလ်ကတ်စထရိုတို့၏နေရာကို ဆက်ခံခဲ့သည့် သမ္မတ ဒီယက်ဇ် ကာနယ်ကမူ အမေရိကန်နှင့် ဆွေးနွေးမှုများကို “နှစ်နိုင်ငံလုံး၏ နိုင်ငံရေးစနစ်ကို လေးစားမှု၊ အချုပ်အခြာအာဏာနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” အခြေခံမူများပေါ်တွင်သာ လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြီးခဲ့သည့် သောကြာနေ့က တုံ့ပြန်ပြောကြားထားသည်။
#လျှပ်စစ်ဓာတ်အားစနစ် #ကျူးဘား #သိမ်းပိုက်ခွင့်ရတော့မည် #ထရန့်ပ်ကြုံးဝါး #ThanLwinKhetNews
