![]()
သံလွင်ခက်/၁၇ မတ်။ ပုံ- ထိခိုက်ပျက်စီးသွားသော အိမ် ၁ လုံးအားတွေ့ရစဉ် (ကေအန်ယူ)
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင် ၊ သရက်ချောင်း (ကစယ်ဒိုမြို့နယ်) အတွင်းရှိ ဂုံညှင်းဆိပ်ကျေးရွာအတွင်း စစ်တပ်ကလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်သည်။
ဂျက်ဖိုက်တာဖြင့် ယမန်နေ့ မတ်လ ၁၆ ရက် ညနေ သုံးနာရီခွဲခန့်တွင် ပေါင်၂၅၀ ဗုံးတစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ပြီး ညနေ ၃ နာရီ ၄၅ မိနစ်တွင် ထပ်မံ၍ ပေါင် ၂၅၀ ဗုံးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုကြောင့် ဂုံညှင်းဆိပ်ကျေးရွာအတွင်း ဒေသခံနေအိမ် နှစ်လုံး ထိခိုက်ပျက်စီးသွားသည်ဟု ကေအဲန်ယူ၊မြိတ်-ထားဝယ်ခရိုင်မှ ယနေ့ ထုတ်ပြန်သည်။

ပုံ- ထိခိုက်ပျက်စီးသွားသော အိမ် ၁ လုံးအားတွေ့ရစဉ် (ကေအန်ယူ)
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် KNLA အထူးဗျူဟာ၂ ၏ ဦးဆောင်မှုဖြင့် တော်လှန်ရေးပူးပေါင်းစစ်ကြောင်းက စစ်ကော်မရှင် နှစ်သုံးဆယ်ကြာ တပ်စွဲထားသည့် ဝင်းဝတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။
ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ အပြစ်မဲ့စစ်ဘေးရှောင်ပြည်သူ ၂၀ ဦးကို သတ်ဖြတ်သွားသည်ဟု ကေအဲန်ယူ၊ မြိတ်-ထားဝယ်ခရိုင်မှ မတ်လ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထို့အပြင် ထိုစခန်းအနီးဝန်းကျင်တွင် တိုက်ပွဲငယ်များ ဆက်လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် ပြည်သူများ အသက်ဆုံးရှုံးနေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး လေကြောင်းရန် သတိရှိကြရန်လည်း အသိပေးထားသည်။
#သရက်ချောင်း #KNU #ဗုံးကြဲ #ထိခိုက်#ThanLwinKhetNews
