![]()
သံလွင်ခက်/မတ် ၁၇။ ပုံစာ – ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်သင်တန်းဆင်းပွဲ/ပုံဟောင်း
မြန်မာ့နိုင်ငံရေး အကျပ်အတည်းများကို ကျော်လွှားရန်နှင့် ဓနုလူထုတစ်ရပ်လုံးကို ကိုယ်စားပြုမည့် ခိုင်မာသော နိုင်ငံရေးဦးဆောင်မှု ပေးနိုင်ရန် ရည်ရွယ်၍ ဓနုအမျိုးသားဖက်ဒရယ်ကောင်စီ (Danu National Federal Council – DNFC) ကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်လိုက်သည်။
“ပြည်ထောင်စုအရေးဟာ ဓနုအရေး” ဟူသော ခံယူချက်နှင့်အတူ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်မှစ၍ ပြည်ထောင်စုတည်ဆောက်ရေးတွင် ပါဝင်ခဲ့သည့် သမိုင်းစဉ်အဆက် ကိုယ်ပိုင်ပြဌာန်းခွင့်များကို ပြန်လည်ဖော်ဆောင်ရန် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်ကတည်းက ၎င်းကောင်စီကို စတင်တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ကောင်စီ ပေါ်ပေါက်လာရေးအတွက် ပြည်တွင်းပြည်ပရှိ ဓနုအင်အားစုများအကြား ဘုံရည်မှန်းချက်တစ်ခုတည်းဖြင့် အဆင့်ဆင့် ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ယင်းလုပ်ငန်းစဉ်တွင် ရှေ့တန်းမှ ဦးဆောင်နေသော ဓနုလူငယ်များနှင့် တော်လှန်ရေး လက်နက်ကိုင်အင်အားစုများအပြင် အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝန်ထမ်းများ အားလုံး တညီတညွတ်တည်း ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုထားသည်။
DNFC အနေဖြင့် ရှေ့ဆက်လျှောက်လှမ်းမည့် အနာဂတ်အတွက် အဓိကဦးတည်ချက် ၃ ရပ်ကို အတိအလင်း ချမှတ်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပထမဦးတည်ချက်အဖြစ် လူမျိုးစုတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပျက်သုဉ်းစေသည့် အာဏာရှင်စနစ်နှင့် စစ်ကော်မရှင် အပါအဝင် မတရားသောအာဏာကို ကျင့်သုံးသည့် မည်သည့်စနစ်ကိုမဆို နည်းလမ်းပေါင်းစုံဖြင့် ပြတ်ပြတ်သားသား တော်လှန်တိုက်ဖျက်သွားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းလာစေရန် အခြားသော တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အင်အားစုများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်သလို ဒေသတွင်း၌ လူမျိုးစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများကိုလည်း ဖော်ဆောင်သွားမည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် DNFC သည် ဓနုလူထုတစ်ရပ်လုံးကို နိုင်ငံရေးအရ ကိုယ်စားပြုသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ဘုံရည်မှန်းချက် တူသည့် ကျန်ရှိနေသော ဓနုအင်အားစုများအားလုံးကိုလည်း အတူတကွ လက်တွဲဆောင်ရွက်ရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။
DNFC ဖွဲ့စည်းတည်ထောင်ခြင်းအပေါ် ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ (IRO) နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့က ဝမ်းမြောက်ဂုဏ်ပြုကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်။
အဆိုပါ မဟာမိတ်အဖွဲ့အစည်းများက DNFC နှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသည်။
