![]()
သံလွင်ခက်/မတ် ၁၄
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲရမတ်မြို့နယ်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ပဲခူးမြို့မှ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ယမန်နေ့တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
တရားမဝင် နယ်စပ်ဖြတ်ကျော်သူများ ရှိနေကြောင်း ထိုင်းဒေသခံများ၏ သတင်းပေးပို့ချက်အရ မဲရမတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံရပ်ကျေးခေါင်းဆောင်များနှင့် အမှတ် (၃၅) ခြေလျင်တပ်ရင်း၊ တပ်ခွဲ (၃၅၀၁) တို့ ပူးပေါင်းကာ ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ အဆိုပါ ၇ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦး ပါဝင်ပြီး၊ ၎င်းတို့ထံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့် သို့မဟုတ် နိုင်ငံကူးလက်မှတ် အထောက်အထားတစ်စုံတစ်ရာ ပါရှိခြင်းမရှိကြောင်း သိရသည်။
စစ်ဆေးချက်များအရ ၎င်းတို့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှ လာရောက်ကြသူများဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေရန် ရည်ရွယ်ကာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။
လက်ရှိတွင် ၎င်းတို့ ၇ ဦးအား ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ရန် မဲရမတ်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားပြီးဖြစ်ကြောင်း ထိုင်းလုံခြုံရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ထားသည်။
Data for Myanmar ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲနှင့် ပဋိပက္ခများကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း အရပ်သား ၁,၄၆၀ ဦး သေဆုံးကာ ၁,၈၉၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဤကဲ့သို့ ပဋိပက္ခများကြောင့် ဒေသတွင်းမှ အရပ်သားများသည် အသက်မွေးဝမ်းကျောင်းအတွက် နယ်စပ်ကို ကျော်ဖြတ်ကာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာလာရသည့် အခြေအနေမျိုး ဆက်လက်ရှိနေဆဲဖြစ်သည်။
Photo-หน่วยเฉพาะกิจกรมทหารพรานที่35
