![]()
သံလွင်ခက်/မတ် ၆။ Photo- ကောလင်း-ပအဖ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အရှေ့ခြမ်းရှိ ကချင်ကုန်းကျေးရွာအနီးသို့ မတ်လ ၅ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ စစ်ဘေးရှောင်အမျိုးသမီးနှစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်း ပအဖထံမှ သိရသည်။
မကွေးလေတပ်စခန်းမှ တက်ရောက်လာသည့် တိုက်လေယာဉ်တစ်စီးသည် ကချင်ကုန်းကျေးရွာအနီးသို့ အနည်းဆုံး (၄) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အထိအခိုက်အပျက်အစီးများရှိခဲ့ရာ ဗုံးသီးတစ်လုံးမှာ ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီး ပေါ်သို့ ကျရောက်ခဲ့သဖြင့် လမ်းပိုင်းအချို့ ပျက်စီးသွားခဲ့သည်။

Photo- ကောလင်း-ပအဖ
ကျန်ဗုံးသီးသုံးလုံးမှာ ကျေးရွာဘုန်းတော်ကြီးကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုနေရာအနီး ခိုလှုံနေသည့် စစ်ဘေးရှောင် အမျိုးသမီးနှစ်ဦး နေရာမှာတင် သေဆုံးခဲ့ရသည်။
ယခုတိုက်ခိုက်မှုသည် ကောလင်းအရှေ့ခြမ်းအတွက် ပထမဆုံးအကြိမ်မဟုတ်ဘဲ စစ်ကော်မရှင်စစ်တပ် က ယမန်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ကလည်း ကချင်ကုန်းကျေးရွာအနီးကိုပင် နံနက်အစောပိုင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ဖူးသည်။
ယခုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးနှစ်ဦး၏ အခြေအနေနှင့် ပတ်သက်၍ အသေးစိတ်ကို ဆက်လက်အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

Photo- ကောလင်း-ပအဖ
လတ်တလောတွင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြု နေထိုင်ကြရန်နှင့် ဗုံးခိုကျင်းများ စနစ်တကျ ပြင်ဆင်ထားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
#လေကြောင်းတိုက်ခိုက်မှု #ကောလင်း #စစ်ရှောင်အမျိုးသမီး #သေဆုံး #ThanLwinKhetNews
