![]()
သံလွင်ခက်/မတ် ၇။
အီရန်နိုင်ငံတောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ်များအပါအဝင် လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်စဉ်မှာ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်နိုင်ခြေရှိကြောင်း ဂြိုဟ်တုဓာတ်ပုံများနှင့် ကျွမ်းကျင်သူများ၏ ခွဲခြမ်းစိတ်ဖြာချက်များကို ကိုးကား၍ Associated Press (AP) သတင်းဌာနက ဖော်ပြလိုက်သည်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်နိုင်ငံ မီနတ်ဘ် (Minab) မြို့ရှိ ရှာဂျာရဲ တေယီဘဲ (Shajareh Tayyebeh) မူလတန်းကျောင်းတွင် ဖြစ်ပွားခဲ့သော ယင်းဖြစ်ရပ်သည် စစ်ပွဲစတင်ကတည်းက အရပ်သားသေဆုံးမှု အများဆုံးဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။
ဗုဒ္ဓဟူးနေ့က ရရှိသော ဂြိုဟ်တုဓာတ်ပုံများအရ တေဟီရန်မြို့၏ အရှေ့တောင်ဘက်ရှိ အဆိုပါကျောင်းမှာ လုံးဝပျက်စီးသွားသည်ကို တွေ့ရပြီး၊ ယင်းပျက်စီးမှုပုံစံမှာ တိကျသည့် လေကြောင်းတိုက်ခိုက်မှု (Precision Strike) တစ်ခု၏ လက္ခဏာရပ်များနှင့် ကိုက်ညီနေကြောင်း စစ်ရေးကျွမ်းကျင်သူများက ထောက်ပြကြသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဂ်ဆက်သ် (Pete Hegseth) က ၎င်းတို့အနေဖြင့် အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိကြောင်း ငြင်းဆိုထားသော်လည်း ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းစစ်ဆေးနေကြောင်း ဝန်ခံထားသည်။
အမေရိကန်၏ လက်ချက်ဖြစ်နိုင်သည်ဟု ယူဆရသည့် အဓိကအချက် (၂) ချက်အနက် ပထမ အချက်မှာအမေရိကန်စစ်တပ်သည်
၎င်းတို့တွင် တာဝန်ရှိနိုင်သည်ဟု ယူဆရသည့် ဖြစ်စဉ်မျိုးတွင်မှသာ ပုံမှန်အားဖြင့် ယခုကဲ့သို့ ဆန်းစစ်ချက်များကို စတင်လေ့ရှိခြင်းဖြစ်သည်။
ပင်တဂွန်၏ လုပ်ထုံးလုပ်နည်းများအရ အရပ်သားထိခိုက်မှုကို လျှော့ချရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့က အမေရိကန်စစ်တပ်တွင် တာဝန်ရှိနိုင်သည်ဟု ကနဦး ဆုံးဖြတ်ပြီးမှသာ ယခုကဲ့သို့ ဆန်းစစ်ချက်များကို စတင်လေ့ရှိသည်။
ထို့ပြင် အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးကလည်း ယင်းတိုက်ခိုက်မှုမှာ အမေရိကန်၏ လက်ချက်ဖြစ်နိုင်ခြေရှိကြောင်း AP သို့ အတည်ပြုပြောကြားခဲ့သည်။
ဒုတိယအချက်မှာ ကျောင်းတည်ရှိသည့်နေရာ ဖြစ်သည်။ အဆိုပါကျောင်းသည် ဟော်မုဇ်ဂန် (Hormozgan) ပြည်နယ်ရှိ တော်လှန်ရေးအစောင့်တပ် စခန်းတစ်ခုနှင့် ရေတပ်တပ်ရင်းတစ်ခု၏ အနီးတွင် တည်ရှိသည်။
အမေရိကန်စစ်တပ်သည် ယင်းပြည်နယ်အတွင်းရှိ ရေတပ်ပစ်မှတ်များကို အဓိကထား တိုက်ခိုက်နေပြီး ကျောင်းအနီးတစ်ဝိုက်တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ခံထားသည်။
အစ္စရေးနိုင်ငံကမူ ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုတွင် ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး ၎င်းတို့၏ စစ်ဆင်ရေးများသည် အစ္စရေးနှင့် ပိုမိုနီးကပ်သော ဒေသများကိုသာ အာရုံစိုက်ထားကြောင်း ပြောဆိုသည်။
တချိန်တည်းမှာပင် အမေရိကန်သည် အာရေဗျပင်လယ်အတွင်း USS Abraham Lincoln လေယာဉ်တင်သင်္ဘော အပါအဝင် စစ်သင်္ဘောများကို အဆိုပါကျောင်းသို့ ရောက်ရှိနိုင်သည့် အကွာအဝေးအတွင်း ဖြန့်ကြက်ထားသည်။
ဝါရှင်တန်အခြေစိုက် နီးလ်အီးစ်တ် မူဝါဒရေးရာအင်စတီကျုမှ ကျွမ်းကျင်သူ ဖာဇင် နာဒီမီ (Farzin Nadimi) က “ကျွန်တော့်အယူအဆအရတော့ အဲ့ဒီနားမှာ တစ်ခုခုကို သူတို့ ထောက်လှမ်းမိလို့ တိုက်ခိုက်လိုက်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲ့ဒီမှာ မိန်းကလေးကျောင်းရှိနေတာကို သူတို့ရဲ့ ဒေတာဘေ့စ်မှာ အဆင့်မြှင့်ထားခြင်းမရှိလို့ အခုလို ဗုံးကြဲမိတာမျိုး ဖြစ်နိုင်ပါတယ်” ဟု သုံးသပ်သည်။
ယခုဖြစ်ရပ်အပေါ် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြင်းထန်စွာ ဝေဖန်နေကြပြီး အရပ်သားများ၊ အထူးသဖြင့် ကလေးငယ်များရှိရာ နေရာများကို တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း သတိပေးထားသည်။
ရည်ညွှန်းကိုးကား- Evidence suggests the deadly blast at an Iranian school was likely a US airstrike / AP news
ပုံစာ-မီနတ်ဘ် (Minab) မြို့ရှိ စာသင်ကျောင်းတစ်ကျောင်း မြေပြင်နှင့်တစ်ပြင်တည်း ပျက်စီးသွားကြောင်း Associated Press သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံ
