![]()
သံလွင်ခက်/မတ် ၇။ Photo – World Food Programme
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘတ်ဇာ (Cox’s Bazar) ရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် လက်ခံထားသည့် ဒေသခံလူထုအား ကူညီရန်အတွက် ဂျပန်အစိုးရက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သို့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ သန်း (ဂျပန်ယန်း ၁ ဒသမ ၀၅ ဘီလီယံ) လှူဒါန်းလိုက်သည်။
အဆိုပါ ရန်ပုံငွေကို လူဦးရေ ၁ ဒသမ ၂ သန်းနီးပါးရှိသော ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့ရန်နှင့် ဒေသခံလယ်သမားများ၏ စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရန် အသုံးပြုသွားမည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ထိခိုက်လွယ်သော လူအုပ်စုများကို ကူညီပံ့ပိုးပေးရန် ဂျပန်နိုင်ငံက ဆက်လက်သန္နိဋ္ဌာန်ချထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ဆိုင်ဒါ ရှင်အီချီ (H.E. SAIDA Shinichi) က ပြောကြားလိုက်သည်။

Photo – World Food Programme
“WFP နဲ့ အခုလို ပူးပေါင်းဆောင်ရွက်တာဟာ ရိုဟင်ဂျာမိသားစုတွေရဲ့ စားနပ်ရိက္ခာဖူလုံမှုနဲ့ အာဟာရပြည့်ဝမှုကို အားကောင်းစေမှာဖြစ်သလို၊ ရာသီဥတုနဲ့ ဈေးကွက်ဆိုင်ရာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ် လယ်သမားတွေကိုလည်း ထောက်ပံ့ပေးရာရောက်မှာ ဖြစ်ပါတယ်” ဟု သံအမတ်ကြီးက ဆိုသည်။
ယခုထောက်ပံ့မှုသည် ကော့ဘတ်ဇာရှိ လူဦးရေထူထပ်လွန်းသော ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည့် ၁ ဒသမ ၂ သန်းနီးပါးရှိသော ရိုဟင်ဂျာများအတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာ အထောက်အပံ့များကို ရရှိစေမည်ဖြစ်သည်။
ထို့အပြင် ဒေသခံဘင်္ဂလားဒေ့ရှ် လူထု၏ ကြံ့ကြံ့ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ရန်အတွက် စိုက်ပျိုးရေးအခြေခံအဆောက်အအုံများ ကောင်းမွန်လာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

Photo – World Food Programme
အထူးသဖြင့် “စုပေါင်းစင်တာ” (Aggregation Centre) ပုံစံကို အသုံးပြု၍ အသေးစား လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအား ထွက်ကုန်အရည်အသွေးနှင့် တန်ဖိုးကို မြှင့်တင်ပေးသွားမည် ဖြစ်သည်။
အဆိုပါ စင်တာများမှတစ်ဆင့် လယ်သမားများသည် ၎င်းတို့၏ သီးနှံများကို စုပေါင်း၍ ဒေသတွင်းဈေးကွက်များနှင့် ဒုက္ခသည်စခန်းရှိ ဈေးများတွင် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်မည်ဖြစ်သည်။
“ဂျပန်နိုင်ငံရဲ့ အချိန်ကိုက်ပြီး အရေးပါတဲ့ အခုလို ပံ့ပိုးကူညီမှုအတွက် အထူးကျေးဇူးတင်ပါတယ်” ဟု WFP ၏ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ယာယီဌာနေညွှန်ကြားရေးမှူး ဆီမွန် ပါ့ချ်မန့် (Simone Parchment) က ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ ဂျပန်နိုင်ငံသည် ရိုဟင်ဂျာဒုက္ခသည်များနှင့် ဒေသခံလူထု၏ ဘဝရပ်တည်ရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရာတွင် ရေရှည်ခိုင်မြဲသော မိတ်ဖက်နိုင်ငံဖြစ်ကြောင်းလည်း ဆိုသည်။
ဂျပန်နိုင်ငံသည် ၂၀၁၇ ခုနှစ်မှစတင်၍ ရိုဟင်ဂျာအရေး တုံ့ပြန်ဆောင်ရွက်မှုများအတွက် အမေရိကန်ဒေါ်လာ ၂၆၀ သန်းကျော် ထောက်ပံ့ကူညီပေးခဲ့ပြီး ဖြစ်သည်။
Ref; WFP
#ရိုဟင်ဂျာဒုက္ခသည် #ဒေသခံ #ဂျပန်အစိုးရ #WFP #ThanLwinKhetNews
