![]()
သံလွင်ခက်/မတ် ၇။ ဓါတ်ပုံ- ရိုက်တာ
အရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပွားနေသည့် ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ထိုင်းနိုင်ငံအတွင်း လောင်စာဆီပြတ်လပ်မှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ လောင်စာဆီနှင့် အရည်ကျိုဓာတ်ငွေ့ (LPG) တင်ပို့မှုကို ထိုင်းအစိုးရက ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
သို့သော်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သို့ တင်ပို့မည့် လောင်စာဆီများကိုမူ ချွင်းချက်အဖြစ် ခွင့်ပြုပေးထားသည်။
ထို့အပြင် ပြည်ပသို့ ပြန်လည်တင်ပို့ရန် ရည်ရွယ်၍ အကောက်ခွန်မဲ့သိုလှောင်ရုံများ (Bonded Warehouses) သို့မဟုတ် လွတ်လပ်သောဇုန်များတွင် သိုလှောင်ထားသည့် လောင်စာဆီများ၊ ထိုင်းနိုင်ငံ၏ အရည်အသွေးစံနှုန်းများနှင့် မကိုက်ညီသဖြင့် ပြည်တွင်း၌ ရောင်းချ၍မရသည့် လောင်စာဆီများကိုလည်း တင်ပို့ခွင့်ပြုထားကြောင်း သိရသည်။
ဝန်ကြီးချုပ် အနုတင် ချန်းဝီရာကူလ်၏ အမိန့်အမှတ် ၂/၂၀၂၆ အရ ထုတ်ပြန်လိုက်သော အဆိုပါညွှန်ကြားချက်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ထိုင်းအစိုးရပြန်တမ်း၌ ဖော်ပြခဲ့ပြီး ချက်ချင်းအကျိုးသက်ရောက်စေမည်ဖြစ်သည်။
ဤအစီအမံအရ ဓာတ်ဆီ၊ ဂက်စ်ဆိုးလ်၊ ဒီဇယ်ဆီနှင့် လေယာဉ်သုံးဆီ (Jet A1) အပြင် LPG ဓာတ်ငွေ့များ တင်ပို့မှုကို ထပ်မံညွှန်ကြားချက် မရရှိမီအထိ ရပ်ဆိုင်းထားမည်ဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက်မှာ အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသအတွင်း အရေးပါသောနေရာများကို လေကြောင်းမှ တိုက်ခိုက်မှုများရှိလာခြင်းနှင့် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးအတွက် အဓိကကျသည့် ပါရှန်းပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားတို့တွင် သင်္ဘောသွားလာမှုကို ပိတ်ပင်ကန့်သတ်မှုများ ပိုမိုတင်းကျပ်လာခြင်းက ထိုင်းနိုင်ငံ၏ လောင်စာဆီ ထောက်ပံ့ရေးကွင်းဆက်အပေါ် စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။
ယခုညွှန်ကြားချက်ကို ၁၉၇၃ ခုနှစ် ထိုင်းနိုင်ငံ၏ လောင်စာဆီပြတ်လပ်မှု ကာကွယ်ရေးဥပဒေဖြင့် အပ်နှင်းထားသော အာဏာကို ကျင့်သုံးကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်း လောင်စာဆီ ပြတ်လပ်မှုကို ကြိုတင်ကာကွယ်ရန် သို့မဟုတ် ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။
ရည်ညွှန်းကိုးကား- Khaosod
#ထိုင်းနိုင်ငံ #မြန်မာ #လာအို #လောင်စာဆီ #တင်ပို့ခွင့်ပြု #ThanLwinKhetNews
