![]()
နှောင်း/မတ် ၆။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ရှိ တပ်ရင်း ၂၀ အတွင်း အသက် ၂၅ နှစ်အရွယ် မွတ်စလင်အမျိုးသမီးရဲဘော်တစ်ဦး အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ (MMMCC) က ယနေ့တွင် တောင်းဆိုလိုက်သည်။
အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်တစ်ဦးဖြစ်သူ ၎င်းသည် တပ်ရင်း၏ ခွင့်ပြုချက်မရဘဲ ကျေးရွာအတွင်း အလှူငွေကောက်ခံခဲ့သည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
ပလဖရုံး အချုပ်ခန်းအတွင်း ချုပ်နှောင်ထားစဉ်ကာလ၌ လက်ခြေများအား ကြိုးဖြင့်တုတ်ကာ သုံးရက်ဆက်တိုက် အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်ကြောင်း TM Media က ကနဦး စုံစမ်းဖော်ပြသည်။

ကျူးလွန်ခံရသူ အမျိုးသမီးသည် ကာယကံဆိုင်ရာ စော်ကားခံရရုံသာမက စိတ်ပိုင်းဆိုင်ရာနှင့် လူမျိုးရေးခွဲခြားသည့် နှိပ်စက်မှုများကိုပါ ခံခဲ့ရကြောင်း သိရသည်။
၎င်း၏ ပေါင်နှင့် ခြေသလုံးများတွင် “ရန်ရှင်း၊ တပ်ရင်း ၂၀၊ YMYZ” ဟူသည့် စာလုံးများကို ဓားဖြင့် မရေမတွက်နိုင်အောင် ရေးခြစ်ခြင်းခံထားရသည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရပြီး နစ်နာသူ၏ ကလေးငယ်နှင့် မိသားစုဝင်များ၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ခံခဲ့ရကြောင်း သိရသည်။

MMMCC က ဤလုပ်ရပ်အား “ဖက်ဆစ်ဆန်သော လုပ်ရပ်” ဟု ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး အမျိုးသမီးနှင့် မိသားစုဝင်များအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု အာမခံချက် ချက်ချင်းပေးရန်၊ ကျူးလွန်သူများကို လက်နက်ဖြုတ်သိမ်းပြီး တာဝန်မှရပ်စဲကာ ထိရောက်စွာ အရေးယူရန်၊ တပ်ရင်းတပ်ဖွဲ့များအတွင်း လူမျိုးရေးခွဲခြားမှုများ ကင်းစင်စေရန် NUG အနေဖြင့် တာဝန်ခံဆောင်ရွက်ရန်၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် ဥပဒေများကို တိကျစွာ ပြဌာန်းအကောင်အထည်ဖော်ရန် ပါဝင်သည့် အချက် ၄ ချက်ကို NUG ထံ တောင်းဆိုထားသည်။
“အခုလို ဖြစ်ရပ်တွေက တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေရုံတင်မကဘဲ ရန်သူ့စရိုက်အတိုင်း ကျူးလွန်နေတာဖြစ်လို့ ဒါကို စံနမူနာအနေနဲ့ ပြင်းထန်စွာ အရေးယူဖို့ လိုအပ်ပါတယ်” ဟု MMMCC က တိုက်တွန်းထားသည်။
#ယင်းမာပင် #မွတ်စလင်အမျိုးသမီးရဲဘော် #အဓမ္မပြုကျင့်ခံရမှု #ထိရောက်စွာအရေးယူ #MMMCC #ThanLwinKhetNews
