![]()
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ရဲစခန်းအပျက်အစီးများကြားတွင် အီရန် နိုင်ငံတော်အလံကို စိုက်ထူထားသည်ကို တွေ့ရစဉ်
သံလွင်ခက်/မတ် ၆။ ပုံ – RTE
အမေရိကန်-အစ္စရေး မဟာမိတ်တပ်များနှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် (၇) ရက်မြောက်နေ့သို့ ရောက်ရှိလာပြီး အခြေအနေများ ပိုမိုဆိုးရွားလာသည်ဟု နိုင်ငံတကာ သတင်းများက ဖော်ပြသည်။
အစ္စရေးစစ်တပ်က အီရန်မြို့တော် တဟီရန်ရှိ အခြေခံအဆောက်အအုံများကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ အမေရိကန်သမ္မတ ထရမ့်ကလည်း အီရန်၏ ဒုံးကျည်ထုတ်လုပ်မှုစွမ်းရည်ကို အပြီးတိုင် ဖျက်ဆီးပစ်ရန် ညွှန်ကြားထားသည်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) တပ်မှူး အက်ဒ်မီရယ် ဘရက်ဒ်ကူးပါးက အီရန်၏ ဒုံးကျည်ထုတ်လုပ်မှုစွမ်းရည်ကို စနစ်တကျ အမြစ်ဖြတ်ချေမှုန်းရန် သမ္မတထရမ့်က ညွှန်ကြားထားကြောင်း ပြောကြားသည်။
အမေရိကန်၏ B-2 ဗုံးကြဲလေယာဉ်များသည် အီရန်ရှိ မြေအောက်ဒုံးကျည်အခြေစိုက်စခန်းများပေါ်သို့ ပေါင် ၂၀၀၀ အလေးချိန်ရှိ ဗုံးသီးပေါင်းများစွာ ကြဲချခဲ့ပြီး ဖြစ်သည်။
ထို့အပြင် အီရန်၏ စစ်သင်္ဘော ၃၀ ခန့်နှင့် ဒရုန်းတင်သင်္ဘောကြီးတစ်စင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း အီရန်၏ ခေါင်းဆောင်မှုကောင်စီသည် ကွယ်လွန်သွားပြီဖြစ်သော အဓိပတိ ခါမေနီ၏ အရိုက်အရာကို ဆက်ခံမည့်သူ ရွေးချယ်နိုင်ရေးအတွက် အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့သည်။
အီရန်နိုင်ငံပိုင် ရုပ်သံသတင်းအရ သမ္မတ မာဆု ပီဇက်ရှ်ကီယန် အပါအဝင် ထိပ်သီးခေါင်းဆောင်များ ပါဝင်သော ကောင်စီသည် နိုင်ငံ၏ အဓိပတိသစ် (Supreme Leader) ရွေးချယ်ရေးအတွက် ပညာရှင်များအဖွဲ့ (Assembly of Experts) အစည်းအဝေးခေါ်ယူရန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ အီရန်၏ ခေါင်းဆောင်သစ် ရွေးချယ်မှုတွင် ၎င်း၏ သဘောထား ပါဝင်ရမည်ဟု ဆိုကာ ကွယ်လွန်သူ ခါမေနီ၏ သားဖြစ်သူကို ခေါင်းဆောင်အဖြစ် လက်ခံမည်မဟုတ်ကြောင်း ပြတ်သားစွာ ပြောကြားခဲ့သည်။
သောကြာနေ့ အရုဏ်တက်ချိန်တွင် အစ္စရေးစစ်တပ် (IDF) က အီရန်မြို့တော် တဟီရန်ရှိ အုပ်ချုပ်ရေးယန္တရား အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား၍ “လှိုင်းလုံးကြီးသဖွယ်” အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် အီရန်တော်လှန်ရေးအစိုးရအဖွဲ့က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ လူနေအဆောက်အအုံအချို့ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
စစ်မီးသည် အိမ်နီးချင်းနိုင်ငံများသို့ ကူးစက်လျက်ရှိရာ အီရန်ဒရုန်းများသည် ဆော်ဒီအာရေဗျနှင့် ကာတာနိုင်ငံတို့ရှိ အမေရိကန်အခြေစိုက်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
ကူဝိတ်နိုင်ငံတွင်လည်း အီရန်၏ တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည် (၆) ဦး သေဆုံးခဲ့ရပြီးနောက် ကူဝိတ်စီးတီးရှိ အမေရိကန်သံရုံးကို အရေးပေါ်ပိတ်သိမ်းကာ ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
အရှေ့အလယ်ပိုင်းတွင် ရေနံဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အမေရိကန်အစိုးရက အိန္ဒိယနိုင်ငံအား ရုရှားထံမှ ရေနံဝယ်ယူခွင့်ကို ယာယီဖြေလျှော့ပေးခဲ့ရသည်။
Ref: CBS News
#အစ္စရေး #အီရန်စစ်ပွဲ #ဒုံးကျည်ထုတ်လုပ်နိုင်စွမ်း #အမြစ်ဖြတ် #ထရမ့်ညွှန်ကြား #ThanLwinKhetNews
