![]()
သံလွင်ခက်/မတ် ၅
အာဏာသိမ်းစစ်အုပ်စုက ပြည်သူများကိုင်ဆောင်နေသော ဖုန်းများကို IMEI နှင့်တကွ မှတ်ပုံတင်ရန် ကြိုးစားနေချိန်တွင် ထိုင်းအာဏာပိုင်များက နယ်စဉ်မျဉ်း၊ သောင်ရင်းမြစ်ကို ဖြတ်ကာ ခိုးသွယ်ထားသော အင်တာနက်ကေဘယ်များကို ဖြတ်တောက်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအင်တာနက်ကေဘယ်များအား မြေအောက်မှ တဆင့်သွယ်တန်းထားမှုကို မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး မစ္စတာ ကန်ဖုန်း ဖိဖတ်မွန်ထရီကွန်း၏ ညွှန်ကြားချက်ဖြင့် ကာကွယ်ရေးရာ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး မစ္စတာအတ်ထဝု၊ အမှတ် (၃) မဲဆောက်မြို့နယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် အထူးပူးပေါင်းအဖွဲ့များက စစ်ဆေးဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အထူးပူးပေါင်းအဖွဲ့တွင် ရာ့ချ်မနူ (Ratchamanu) အထူးတပ်ဖွဲ့၊ အမျိုးသား ရုပ်သံနှင့် ဆက်သွယ်ရေးကော်မရှင်(NBTC)နှင့် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို(CIB)ရဲတပ်ဖွဲ့တို့ ပါဝင်ပြီး မဲဆောက်မြို့၊ Mae Tao၊ ကျေးရွာအမှတ် ၆ရှိ တရားမဝင်နယ်စပ်ဂိတ်ဧရိယာအတွင်းရှိ ကုမ္ပဏီအဆောက်အဦးတစ်ခုကို တရားရုံးရှာဖွေခွင့်ဝရမ်းဖြင့် ဝင်ရောက်စီးနင်းခဲ့ကြသည်။

ယင်းသို့ ဝင်ရောက်စစ်ဆေးရခြင်းမှာ အဆိုပါ နယ်စပ်ဒေသဧရိယာတွင် မည်သည့် စီးပွားရေးလုပ်ငန်းမျှ တရားဝင် ဖွင့်လှစ်ထားခြင်းမရှိဘဲ အင်တာနက်အသုံးပြုမှုပမာဏမှာ ပုံမှန်ထက် များပြားလွန်းနေသဖြင့် True ဆက်သွယ်ရေးကုမ္ပဏီက တာဝန်ရှိသူများထံ သတင်းပေးပို့ တိုင်ကြားလာခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ပူးပေါင်းအဖွဲ့များ၏ ဝင်ရောက်စစ်ဆေးချက်များအရ အဆိုပါ အဆောက်အအုံအတွင်း၌ အင်တာနက်စနစ်များ တပ်ဆင်ထားသည်ကို အထောက်အထားခိုင်လုံစွာ တွေ့ရှိခဲ့ရသည်။ ထို့အပြင် ကြီးမားသော ကွန်ရက်ချိတ်ဆက်ပစ္စည်း (Network Equipment)ဘီရိုများကို ပြုပြင်မွမ်းမံထားပြီး ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ၏ စံသတ်မှတ်ချက်တွင် မပါဝင်သော ကွန်ရက်စီမံခန့်ခွဲမှု (Network Management)နှင့် ဂိတ်ဝေး(Gateway)ပစ္စည်းများကိုပါ တရားမဝင် ထပ်မံတပ်ဆင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ တပ်ဆင်ထားသည့် စက်ပစ္စည်းများသည် ထိုင်းနိုင်ငံဘက်ခြမ်းမှ အင်တာနက်လှိုင်းများကို ဖမ်းယူကာ အဆောက်အအုံအတွင်း၌သာမက မြေအောက်တွင်ပါ ကြိုးများ သွယ်တန်းမြှုပ်နှံပြီး သောင်ရင်းမြစ်ကိုဖြတ်၍ မြန်မာနိုင်ငံဘက်ခြမ်းသို့ ဆက်လက်ပေးပို့သည့် လက်ခံ/ထုတ်လွှင့်စခန်းအဖြစ် လုပ်ဆောင်နေသည်ဟု တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

လက်ရှိတွင် အာဏာပိုင်များက တရားမဝင် အင်တာနက်ထုတ်လွှင့်နေသည့် ကြိုးများကို ဖြတ်တောက်ရှင်းလင်းခဲ့ပြီး အင်တာနက်လွှင့်စက်များကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့သည်။ ထို့အပြင် ပြစ်မှုကျူးလွန်သူများကို ရှာဖွေဖော်ထုတ်ကာ NBTC ဥပဒေများနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
ဓါတ်ပုံ/ကိုးကား – กิตติศักดิ์ บุญจันทร์
