![]()
ပုံစာ- အီရန်နိုင်ငံ၊ မိနာ့ဘ်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းကို အစ္စရေးက တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများ၏ ဈာပနတွင် ဝမ်းနည်းပူဆွေးနေကြသူများ။ (၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်)
သံလွင်ခက်/မတ် ၅။ ပုံ- ရိုက်တာသတင်းဌာန
🟩လက်စားချေမည်ဟု အီရန် ကြုံးဝါး
အိန္ဒိယသမုဒ္ဒရာ နိုင်ငံတကာရေပိုင်နက်အတွင်း အီရန်တိုက်သင်္ဘောတစ်စင်း တိုပီဒိုဖြင့် အတိုက်ခိုက်ခံရမှုအတွက် အမေရိကန်အနေဖြင့် ” ခါးသီးစွာ နောင်တ ရစေရမည်” ဟု တီဟီရန်အစိုးရက သတိပေးလိုက်သည်။ အမေရိကန်စစ်တပ်ကမူ ၎င်းတို့သည် အီရန်ရေယာဉ်ပေါင်း ၂၀ ခန့်ကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုထားသည်။
ယခုစစ်ရေးခြိမ်းခြောက်မှုများကြောင့် ကမ္ဘာ့အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) တွင် ရေနံတင်သင်္ဘောနှင့် ကုန်တင်သင်္ဘောများ သွားလာမှု ရပ်တန့်လုနီးပါး ဖြစ်နေပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကမ္ဘာတစ်ဝန်း ထိုးတက်လျက်ရှိသည်။
🟩 ထရမ့်ကို စစ်အာဏာကန့်သတ်ရေး မအောင်မြင်
သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများကို ကန့်သတ်ရန် တင်သွင်းသည့် “စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်ဆုံးဖြတ်ချက်” (War Powers Resolution) သည် အထက်လွှတ်တော်တွင် ၄၇ မဲ – ၅၃ မဲဖြင့် ရှုံးနိမ့်သွားခဲ့သည်။
ရီပတ်ဘလီကန်များ ကြီးစိုးသည့် အထက်လွှတ်တော်က ယင်းကန့်သတ်ချက်ကို ပယ်ချလိုက်ခြင်းဖြစ်သည်။
🟩 အီရန်၏ အာဏာလေဟာနယ်
အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်ကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် အယာတိုလာ ခါမေနီ၏ လက်ထက် နိဂုံးချုပ်သွားခဲ့သည်။
ယင်းဖြစ်ရပ်ကြောင့် အီရန်တွင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အာဏာလေဟာနယ် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လက်ရှိတွင် ဘာသာရေးခေါင်းဆောင်များက ခေါင်းဆောင်သစ်တစ်ဦးကို ရွေးချယ်နေပြီး ခါမေနီ၏ သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီသည် အီရန် ခေါင်းဆောင်သစ်ဖြစ်လာရန် နာမည်ကြီးနေသည်။
အမှန်တကယ် အာဏာရှိလာနိုင်သူမှာ ခေါင်းဆောင်ကြီး ခါမေနီကို နှစ်ရှည်လများ ကျောထောက် နောက်ခံပေးခဲ့သည့် “အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့” (IRGC) သာ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
🟩 ထိခိုက်သေဆုံးမှုများ
အီရန်က ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများကို ဒရုန်းများဖြင့် တုံ့ပြန်တိုက်ခိုက်နေခြင်းကြောင့် အရှေ့အလယ်ပိုင်းတွင် အမေရိကန်နိုင်ငံသား ထောင်ပေါင်းများစွာ ပိတ်မိနေသည်။
ထရမ့်အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်မှု အားနည်းခြင်းအပေါ် ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်နေသည်။
သေဆုံးမှုစာရင်းမှာလည်း တုန်လှုပ်ဖွယ် မြင့်တက်နေပြီး အီရန်အစိုးရပိုင်သတင်းဌာန၏ အဆိုအရ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်ဘက်တွင် ၉၄၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတို့အထဲတွင် အီရန်နိုင်ငံ၏ မီနက်ဘ် (Minab) မြို့မှ စာသင်ကျောင်းတစ်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၆၀ ကျော် သေဆုံးခဲ့ရသည့်ဖြစ်စဉ်လည်းပါဝင်သည်။
အီရန်၏ တုံ့ပြန်မှုကြောင့် အစ္စရေးတွင် ၁၁ ဦး သေဆုံးခဲ့ပြီး အမေရိကန်ဘက်ကမူ ၎င်းတို့၏ စစ်သည် ၆ ဦး သေဆုံးကြောင်း အတည်ပြုထားသည်။
Ref: NBC News
#အရှေ့အလယ်ပိုင်း #နောက်ဆုံးရအခြေအနေ #ThanLwinKhetNews
