![]()
သံလွင်ခက်/မတ် ၅။ ဓါတ်ပုံ – Karen National Union
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေအတွင်း ကရင်လက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်လိုက်သည်။
မတ်လ ၄ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်အတွင်းရှိ သမီးပေါ်သောကျေးရွာနှင့် ကနဲဃော (ပျားသားချောင်း) ကျေးရွာအကြားတွင် အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရှေ့တန်းစစ်မျက်နှာသို့ စစ်ကူအင်အားဖြည့်တင်းရန် သွားရောက်သည့် KNLA တပ်ရင်း (၁၂) မှ ရဲဘော်များကို ဗိုလ်အယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော KTLA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNU ဘက်က ဆိုသည်။

ဓါတ်ပုံ – Karen National Union
“စစ်ကော်မရှင်ကို တိုက်ခိုက်ဖို့ စစ်ရေးဖော်ဆောင်နေချိန်၊ စစ်ရေးအတွက် အင်အားဖြည့်ဖို့ သွားနေချိန်မှာ အခုလို ကြားဖြတ်တိုက်ခိုက်ခံရတာပါ” ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် လက်ရှိတွင် နယ်မြေအတွင်း စစ်ရေးတင်းမာမှုများ ပိုမြင့်ကာ နှစ်ဖက်ပဋိပက္ခများ အရှိန်တတ်လာဖွယ်ရှိနေသည်။
ကရင်အမျိုးသားအချင်းချင်းကြား ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ တစ်ဖက်အဖွဲ့ဖြစ်သည့် KTLA ထံသို့ သံလွင်ခက်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

ဓါတ်ပုံ – Karen National Union
ယခုဖြစ်စဉ်သည် အဆိုပါနယ်မြေအတွင်း KNLA နှင့် KTLA အကြား ပထမဆုံးအကြိမ် ပစ်ခတ်မှုမဟုတ်ဘဲ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း၌လည်း ဗိုလ်အယ်ခွီး၏ အလားတူ ခြုံခိုတိုက်ခိုက်မှု နှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ဖူးသည်။
#တပ်မဟာ၄နယ်မြေ #KNLAစစ်ကြောင်း #KTLA #ခြုံခိုတိုက်ခိုက် #ThanLwinKhetNews
