![]()
အက်သားရီ/မတ် ၅။
စစ်ကိုင်းမြို့ရှိ သမိုင်းဝင် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအနားအတွက် လုံခြုံရေးယူပေးသည့် စစ်ကော်မရှင်စစ်ကြောင်းများကြောင့် ဒေသခံကျေးရွာသား ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် စေတီတော်၏ အထွတ်အထိပ်ကို ပြန်လည်တင်လှူသည့် အဆိုပါအခမ်းအနားကို မတ်လဆန်းပိုင်းတွင် ပြုလုပ်ရန် စစ်ကော်မရှင်က စီစဉ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ခေါင်းဆောင်များ တက်ရောက်မည့် အဆိုပါခရီးစဉ်အတွက် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး အကြောင်းပြကာ စစ်ကြောင်းထိုးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ တပ်မ ၁၀၁ ၊ ၃၃ တို့မှ အင်အား ၃၅၀ ဝန်းကျင်ပါဝင်သော စစ်ကြောင်းနှစ်ကြောင်းသည် စစ်ကိုင်းတက္ကသိုလ်ဘက်နှင့် ငါးထပ်ကြီးဘုရားဘက်တို့မှတစ်ဆင့် ကျေးရွာများအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

စစ်ကြောင်းများ ဝင်ရောက်လာမှုကြောင့် ကားလမ်းဘေးရှိ ဆင်မြေ၊ ဒေါင်းမနှင့် မအူပင်ကျေးရွာတို့မှ ပြည်သူများသည် နေအိမ်များကို စွန့်ခွာကာ နီးစပ်ရာတောတောင်များနှင့် ဆွေမျိုးများထံ တိမ်းရှောင်ခဲ့ကြရသည်။
“ကားလမ်းဘေးတစ်လျှောက် ရွာတွေမှာရှိတဲ့ ပြည်သူတွေ ထောင်နဲ့ချီပြီး ရှောင်နေရတာ။ ရွာလုံးကျွတ်နီးပါးပဲ။ ပစ္စည်းတွေကိုလည်း မသယ်နိုင်ကြဘူး၊ အကုန်ထားပစ်ခဲ့ကြရတာ” ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက သံလွင်ခက်ကို ပြောသည်။
ကောင်းမှုတော်စေတီ ထီးတော်တင်အခမ်းအနားကို မတ် ၁ ရက်နေ့က ကျင်းပခဲ့ပြီး သီတဂူဆရာတော်ဦးဆောင်၍ စစ်ကောင်စီ၏ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီး၊ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီးတို့အပါအဝင် ထိပ်တန်းအရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ဘုရားဝန်းကျင်နှင့် လမ်းကြောင်းတစ်လျှောက်တွင် လုံခြုံရေး အထူးတင်းကျပ်ထားခဲ့ပြီး စစ်ကောင်စီတပ်များက ကျေးရွာများအတွင်း အထိုင်ချတပ်စွဲကာ နေအိမ်များကို ဝင်ရောက်မွှေနှောက်မှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိအချိန်အထိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကော်မရှင်စစ်ကြောင်းများ ကျေးရွာအတွင်းမှ ပြန်လည်ဆုတ်ခွာခြင်း မရှိသေးသဖြင့် ဒေသခံများမှာ နေရပ်မပြန်နိုင်ဘဲ တောထဲတွင် ဆက်လက်ပုန်းရှောင်နေရဆဲ ဖြစ်သည်။
#ကောင်းမှုတော်ထီးတင်ပွဲ #လုံခြုံရေးစစ်ကြောင်း #ဒေသခံထောင်ချီ #စစ်ရှောင်နေရ #ThanLwinKhetNews
