![]()
သံလွင်ခက်/မတ် ၅။ Photo crd – North Now
ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်အတွင်းရှိ မယ်ဖလောင်းဒေသတွင် ကာလတန်ဖိုး ဘတ်သန်းပေါင်း ၂၅,၀၀၀ ကျော် တန်ဖိုးရှိသည့် အိုက်စ် (Ice) မူးယစ်ဆေးဝါး ကီလိုဂရမ် ၆၀၀ ကျော်ကို ပါဂျဲရိုးကားတစ်စီးနှင့်အတူ ထိုင်းအာဏာပိုင်များက ယနေ့ သိမ်းဆည်းရမိခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။
ဖြစ်စဉ်မှာ မတ်လ ၄ ရက် ညပိုင်းက မယ်ဖလောင်းမြို့နယ်၊ လီဆေးကျေးရွာအနီးတွင် ဖာမိူင်းတပ်ဖွဲ့ (Pha Muang Task Force) မှ ကင်းလှည့်နေစဉ် သံသယဖြစ်ဖွယ် အနက်ရောင် မစ်ဆူဘီရှီ ပါဂျဲရိုး (Mitsubishi Pajero) ကားတစ်စီးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Photo crd – North Now
အဆိုပါကားသည် ထိုင်းအာဏာပိုင်များ၏ ရပ်တန့်စစ်ဆေးရန် အချက်ပြမှုကို ဂရုမစိုက်ဘဲ အရှိန်မြှင့်မောင်းနှင်ကာ ဟွေ့နမ်ခွန်ကျေးရွာရှိ စစ်ဆေးရေးဂိတ်ကိုပါ တိုက်ခိုက်မောင်းနှင်၍ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာဏာပိုင်များက နောက်ယောင်ခံ လိုက်လံရှာဖွေခဲ့ရာ ယနေ့ (မတ်လ ၅ ရက်) နံနက်ပိုင်းတွင် ဟွေ့မဲရိုင်ရေကန်အနီး၌ စွန့်ပစ်ထားသော အဆိုပါကားကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကားအတွင်းကို စစ်ဆေးရာတွင် အိတ် ၂၄ အိတ်ဖြင့် ထည့်ထားသည့် အိုက်စ် (Ice) ၆၀၀ ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယင်းမူးယစ်ဆေးဝါးများ၏ ခန့်မှန်းကာလတန်ဖိုးမှာ ဘတ်သန်းပေါင်း ၂၅,၄၈၂ (ဘတ် ၂၅ ဘီလီယံကျော်) ခန့် ရှိကြောင်း အာဏာပိုင်များက တွက်ချက်ထားသည်။

Photo crd – North Now
ကားမောင်းသူမှာ လွတ်မြောက်သွားသော်လည်း ကားအတွင်း၌ လမ်းပန်းခရိုင် (Lampang) နေထိုင်သူ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ကို သဲလွန်စအဖြစ် သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ မှတ်ပုံတင်ပိုင်ရှင်သည် မူးယစ်ဆေးဝါးသယ်ဆောင်မှုတွင် ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိကို အာဏာပိုင်များက ဆက်လက်စုံစမ်းနေသည်။
ဖာမိူင်းတပ်ဖွဲ့ (Pha Muang Task Force) ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ယခု ၂၀၂၆ ခုနှစ်၊ မတ်လအစောပိုင်းအထိ ငါးလကျော်ကာလအတွင်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါး ဖမ်းဆီးမှုပေါင်း ၂၅၇ ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဖမ်းဆီးမှုများအတွင်း စိတ်ကြွဆေးပြား ၁၅၁ သန်းကျော်အပါအဝင် မူးယစ်ဆေးဝါး အမြောက်အမြားကို သိမ်းဆည်းနိုင်ခဲ့ပြီး မူးယစ်ဂိုဏ်းများနှင့် ထိတွေ့တိုက်ပွဲပေါင်း ၃၄ ကြိမ် ဖြစ်ပွားခဲ့ကာ တရားခံ ၂၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Ref: North Now
#ချင်းရိုင် #ဘတ်သန်း၂၅၀၀၀ကျော်တန် #အိုက်စ်(ice) #ပိုင်ရှင်မဲ့ဖမ်းမိ #ThanLwinKhetNews
