![]()
မူယန်း/မတ် ၄။ ဓါတ်ပုံ-ပေးပို့
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့ အနောက်ခြမ်းဒေသတွင် စက်သုံးဆီများ ပြတ်လပ်နေပြီး ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ၁ လီတာလျှင် ၃,၅၀၀ ကျပ်သာ ရှိခဲ့သော စက်သုံးဆီဈေးမှာ ၆,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ယနေ့ (မတ်လ ၄ ရက်) တွင်မူ အချို့ဆိုင်များ၌ ၁ လီတာလျှင် ၉,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ဈေးတင်ရောင်းချနေကြောင်း ဒေသခံများက ဆိုသည်။
“ဒီနေ့တော့ တချို့က သူတို့ရဲ့ ဆီလက်ကျန်ကို စျေးတင်ပြီး ရောင်းနေကြပြီ။ ၁ လီတာ ကိုးထောင်၊ တစ်သောင်းနဲ့ ရောင်းနေကြပြီ။ ၂၀ လီတာ ဆန့်တဲ့ ဗူးအဝါရောင်နဲ့ဟာ အခုဆို နှစ်သိန်း (ကျပ်) ဖြစ်သွားပြီ။ စျေးကြီးပေးဝယ်မှ ထုတ်ရောင်းပေးကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
မိုးဗြဲအနောက်ဘက်ခြမ်းသို့ ဆီသယ်ယူပို့ဆောင်ပေးနေသည့် ကုန်သည်တစ်ဦးကလည်း တောင်ငူဘက်တွင် ဆီဝယ်ယူရန် စောင့်ဆိုင်းနေရကြောင်း ဆိုသည်။ ဆီလက်ကျန်မရှိသလောက် နည်းပါးနေသဖြင့် ဆီဆိုင်အချို့မှာလည်း မတ် ၃ ရက်မှစတင်ကာ ပိတ်ထားရပြီး အခက်တွေ့နေရသည်ဟု ဆိုကြသည်။

ဓါတ်ပုံ-ပေးပို့
လက်ရှိတွင် မိုးဗြဲမြို့အနီးရှိ လွယ်ဝိုင်းနှင့် ခေါင်းစံကျေးရွာတို့မှသည် ပီကင်းနှင့် လွယ်ယင်းကျေးရွာများအထိ ဆီပြတ်လပ်မှု ဖြစ်ပေါ်နေသည်ဟု သိရသည်။ လအိကျေးရွာရှိ ဆီဆိုင်အချို့တွင် ၁ လီတာ ၅,၀၀၀ ကျပ်နှင့် စလင်းမိုးငံကျေးရွာတွင် ၆,၀၀၀ ကျပ်ဖြင့် လက်ကျန်ဆီများကို အကန့်အသတ်ဖြင့် ခွဲတမ်းချ ရောင်းချပေးနေသည်ဟု ဒေသခံများက ဆိုသည်။
“မနေ့ည ဆီတစ်ဂါလံ (၄ လီတာ) ၁၉၀၀၀ ကျပ်နဲ့ ဝယ်ထည့်နေရပြီ။ ဆိုင်ကယ်တစ်စီးကို တစ်လီတာနှုန်းနဲ့ပဲ ရောင်းချပေးတာပေါ့။ ဆီထပ်မှာလို့လည်း မရတော့ဘူး။ တကယ်လို့ ဒီလိုပုံစံ ဆက်ဖြစ်နေရင် ပြည်သူအတွက် နောက်ထပ် အခက်အခဲတစ်ရပ်ဖြစ်လာမှာကို စိုးရိမ်မိတယ်” ဟု မိုးဗြဲဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ထို့အပြင် စစ်ရေးအခြေအနေများကြောင့် အရေးပေါ် ပြောင်းရွှေ့နိုင်ရေးအတွက် ဒေသခံများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကာ ဆီအလုအယက် ဝယ်ယူနေကြခြင်းဖြစ်သည်ဟုလည်း သိရသည်။
ဓါတ်ပုံ-ပေးပို့“မနေ့ည အနောက်ဘက်ခြမ်းတကြော ဆီပြတ်နေကြပြီ။ ဆိုင်တွေလည်း ပိတ်ကုန်ပြီ။ အရေးပေါ် ပြောင်းရွှေ့ပြေးလွှားဖို့အတွက် လိုက်ပတ်ရှာဝယ်တာနဲ့တင် ကိုယ့်ဆိုင်ကယ်ဆီပဲ ပြန်ကုန်သွားတယ်။ ဆီလည်း မရခဲ့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ပြီးခဲ့သည့် ယမန်နေ့( မတ်လ ၃ )ရက်တွင် ကရင်နီပြည်ရှိ ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင်လည်း ဓာတ်ဆီ ၁ လီတာ ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ တိုးမြင့် ရောင်းချနေကြသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ဖော်ပြထားသည်။
#မိုးဗြဲအနောက်ခြမ်း #ဆီပြတ်လပ် #၁လီတာ #၁သောင်းနီးပါးဈေးတက် #ThanLwinKhetNews
