![]()

သံလွင်ခက်/မတ် ၄။ Photo crd – KNU
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် သရက်ချောင်းနယ်မြေအတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၆ ကြိမ်တိုင်တိုင် ကျူးလွန်ခဲ့သည်ဟု KNU ထုတ်ပြန်ချက်အရ သိရသည်။
ယင်းတိုက်ခိုက်မှုများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ၁၇ ရက်တာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၁၁ ရက်မှ ၂၇ ရက်အထိ စုံစင်ဖျား၊ မင်းဒပ်၊ ကနက်သီရိ၊ ပြင်းဖြူသား၊ ဝင်းဝ၊ ရငဲနှင့် ချောက်ချောင်းကျေးရွာများအတွင်းသို့ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှု နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထိုသို့တိုက်ခိုက်ရာတွင် Y-12 လေယာဉ်ဖြင့် ၂၈ ကြိမ်နှင့် ဂျက်ဖိုက်တာဖြင့် ရှစ်ကြိမ် စုစုပေါင်း ၃၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့ရသည်။ ထို့အပြင် ပြည်သူပိုင်နေအိမ် ၁၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် စစ်ကော်မရှင်၏ ခလရ ၄၀၉ တပ်ရင်းကလည်း ကစယ်ဒိုမြို့နယ်အတွင်းရှိ အပြစ်မဲ့အရပ်သား ခုနစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ယခုကဲ့သို့ စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေခြင်းကြောင့် ဒေသခံပြည်သူ ၅၀၀ ထက်မနည်းမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ နေ့စဉ်နှင့်အမျှ ၎င်းတို့၏ လုံခြုံရေးနှင့် အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရကြောင်းလည်း KNU က ထုတ်ပြန်ထားသည်။

#ကစယ်ဒို #လေကြောင်းတိုက်ခိုက် #ပြည်သူအများ #ထိခိုက်ဒဏ်ရာရ #ThanLwinKhetNews
