![]()
မူယန်း/မတ် ၄။ ဓါတ်ပုံ – သံလွင်ခက်/ပုံဟောင်း
ကရင်နီပြည်နယ်၊ ဖားဆောင်းတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားကာ ကားခနှင့် ကမ်းကူးခများ မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။
တံတားကျိုးသွားသည့်နောက်ပိုင်း ဒီးမော့ဆိုမှ မယ်စဲ့နယ်စပ်အထိ ကားခမှာ ခရီးသည် တစ်ဦးလျှင် ယခင် ကျပ် သုံးသိန်းဝန်းကျင်မှ ယခု ကျပ် လေးသိန်းဝန်းကျင်အထိ ပေးစီးကြရသည်ဟု သိရသည်။
“ဖားဆောင်းတံတားကျိုးပြီးနောက် လမ်းကြောင်းအခြေအနေပိုခက်ခဲတော့ တော်တော်များများ ကားခ တစ်သိန်း ပိုယူကြတယ်။ တချို့က ဘယ်လောက်ယူလဲတော့ မသိ။ လာတုန်းကတော့ လေးသိန်းပေးလိုက်ရတယ်” ဟု ခရီးသည်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
ယခင်က ၅ မိနစ်ခန့်သာ ကြာမြင့်သည့် မြစ်ကူးခရီးစဉ်မှာလည်း ယခုအခါ နေ့တစ်ဝက်မှ တစ်ရက်ခန့်အထိ စောင့်ဆိုင်းနေရသည်ဟု နယ်စပ်ကားသမားတစ်ဦးက ဆိုသည်။ ထို့သို့ သံလွင်မြစ်ကို ဖြတ်ကူးနိုင်ရန်အတွက် ကားသမားများအနေဖြင့်လည်း ဇက်ကူးခကို လေးသိန်းကျပ်အထိ ပေးနေရသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်မှ စတင်ကာ ဖားဆောင်းမြို့ရှိ စစ်တပ်၏ ခလရ ၁၃၄ နှင့် ခလရ ၁၃၅ လက်အောက်ခံ တပ်စခန်းများကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ဖားဆောင်းတံတားမှာလည်း ဖြတ်သန်းသွားလာ၍ မရတော့ဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့စဉ်ကလည်း ဒေသခံပြည်သူများမှာ သံလွင်မြစ်ကို စက်လှေများဖြင့်သာ ခက်ခဲစွာ ကူးသန်းသွားလာခဲ့ရသည်။
လက်ရှိအချိန်တွင်တော့ လမ်းကြောင်းခက်ခဲမှုကြောင့် ကုန်တင်ကား ပြေးဆွဲမှု ရပ်နားထားသူ တစ်ဦးက “တံတားပျက်သွားတဲ့ နောက်ပိုင်း လမ်းကြောင်းကလည်း ပိုခက်တော့ ကားလည်း ဆက်မဆွဲဖြစ်တော့ဘူး။ အရင်နှစ်တုန်းက (မြစ်) ကူးရင် ၁ သိန်း ၂ သောင်း (ကျပ်) ဝန်းကျင်လောက်ပဲ ။ အရင်တလောက ကုန်ပစ္စည်းရော ကားရော ကူးရင် ခြောက်သိန်းခွဲ၊ ခုနစ်သိန်းဝန်းကျင်ဆိုပြီး တစ်ချက် တက်သွားသေး။ ကုန်ပစ္စည်းပေါ်လည်း မူတည်တာပေါ့။ အခုတော့ ဈေးပြန်ကျသွားပြီလို့လည်း ပြောတယ်။ စက်လှေသမားတွေတော့ အလုပ်ပိုဖြစ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။
ထို့အပြင် အမေရိကန်-အစ္စရေးနှင့် အီရန်တို့၏ စစ်ရေးတင်းမာမှုကြောင့် စက်သုံးဆီ တင်သွင်းမှု အခက်အခဲများဖြစ်နေကာ ဆီပြတ်လပ်မှုများလည်း ဖြစ်ပေါ်နေသည်ဟု သိရသည်။ ထို့ကြောင့် ကရင်နီနယ်စပ် ဖြတ်သန်းသွားလာသည့် ကားခမှာ ယနေ့ (မတ် ၄ ရက်) တွင် ကျပ် လေးသိန်းမှ ငါးသိန်းဝန်းကျင်အထိ မြင့်တက်သွားကြောင်း ကားသမားတစ်ဦးက ထပ်မံ အတည်ပြုသည်။
သံလွင်တံတား (ဖားဆောင်း) သည် ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၂၅ ရက်တို့တွင် နှစ်ကြိမ်တိုင်တိုင် မိုင်းခွဲခံခဲ့ရခြင်းဖြစ်သည်။ ယင်းမှာ စစ်ကော်မရှင် စစ်ကြောင်းများ ဖားဆောင်းမြို့အတွင်း စစ်ကြောင်းထိုးလာပြီးနောက် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။
အရှည်ပေ ၁,၀၀၀ ကျော်ရှိသည့် ဤတံတားသည် လွိုင်ကော်-ဒီးမော့ဆို-ဘော်လခဲ-ဖားဆောင်းမှတစ်ဆင့် နယ်စပ်မြို့ မယ်စဲ့အထိ ပေါက်ရောက်သော အဓိကကုန်သွယ်ရေး လမ်းမကြီးပေါ်တွင် တည်ရှိသည့် တံတားကြီးတစ်စင်း ဖြစ်သည်။
#ဖားဆောင်းတံတား #မိုင်းခွဲခံရမှု #နောက်ဆက်တွဲ #ကမ်းကူးခ #ကားခမြင့်တက် #ThanLwinKhetNews
