![]()
အက်သားရီ/မတ် ၄။ ဓါတ်ပုံ – မြိုင်ဒေါင်းမင်း မြေပြင် သတင်းမှန်ပြန်ကြားရေးအဖွဲ့
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ရေလာကြီးရွာကို အင်အား ၅၀ ခန့်ရှိ စစ်ကော်မရှင်တပ်က ဝင်ရောက်မီးရှို့ခဲ့သဖြင့် နေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု မြိုင်ဒေါင်မင်း မြေပြင်သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
စစ်တပ်သည် ညောင်ဂျစ်ပင်ရွာမှ ထွက်လာခြင်းဖြစ်ပြီး ရေလာကြီးရွာထဲသို့ ဝင်ရောက်မီးရှို့ချိန်တွင် ဒေသခံအချို့မှာ ထွက်ပြေးချိန်မရဘဲ ရွာထဲတွင် ပိတ်မိနေကြောင်း အဆိုပါအဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။
စစ်ကော်မရှင်တပ်သည် ရေလာကြီးရွာရှိ နေအိမ်များကို မီးရှို့ပြီးနောက် ညောင်ဂျစ်ပင်ရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ဓါတ်ပုံ – Haw K
“ဘက်ပြောင်းသွားတဲ့ ရဲဘော်တွေရော ပါတယ် ထင်တယ်ဗျ။ ကမ္မနားတစ်ဝိုက် ပတ်ချာလည် ဟိုးသွားလိုက်၊ ဒီသွားလိုက် လုပ်ပြီး တော်လှန်ရေးစခန်းတွေကို လိုက်မီးရှို့နေတာပေါ့နော်။ အဲဒါနဲ့မှ ညောင်ဂျစ်ပင်ရွာကို ရောက်တော့ ဒီနေ့ မနက်ခင်းလောက်မှာ ရေလာကြီးရွာကို မီးထွက်ရှို့တာဗျ။ ဘာသတင်းရလဲတော့ မသိဘူးဗျ” ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် မတ် ၂ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ကိုးပင်ရွာ၌ ငွေကြေးကောက်ခံနေသည့် စစ်ကော်မရှင်တပ်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယင်းတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။ ထို့အပြင် MA3 သေနတ် တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း Earthquake People’s Defence Force က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ပုံစာ- ရေလာကြီးရွာမီးရှို့ခံရစဥ်အဝေးမှမြင်ရသည့်ပုံ
#ရေလာကြီးရွာ #စစ်တပ် #မီးရှို့ #ThanLwinKhetNews
