![]()
သံလွင်ခက်/မတ် ၄။ Photo – BBC
အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု၏ ခေါင်းဆောင်အား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံရေးအာဏာစနစ် ပြောင်းလဲရန် လှုံ့ဆော်ခြင်းတို့သည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က ပြောဆိုလိုက်သည်။
အမေရိကန်နှင့် အစ္စရေးက အီရန်နိုင်ငံကို ဗုံးကြဲတိုက်ခိုက်မှုများအတွင်း အီရန် ခေါင်းဆောင် ခါမေနီ သေဆုံးပြီးနောက် တရုတ်နိုင်ငံမှ ထိုသို့ တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထို့ပြင် အီရန်နိုင်ငံ၏ လက်ရှိတင်းမာနေသော အခြေအနေများနှင့် စပ်လျဉ်း၍ ရုရှား၊ အီရန်၊ ပြင်သစ်နှင့် အိုမန်နိုင်ငံခြားရေးဝန်ကြီးများနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi တို့ သီးခြားစီ ဆက်သွယ်ဆွေးနွေးရာတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထောက်ပြပြောဆိုရာတွင် အချုပ်အခြာအာဏာပိုင်နိုင်ငံ ခေါင်းဆောင်ကို ပစ်မှတ်ထား သတ်ဖြတ်ခြင်းသည် နိုင်ငံတကာ ဆက်ဆံရေးယဉ်ကျေးမှုကို ထိခိုက်စေခြင်း၊ ပြည်တွင်းရေးကို စွက်ဖက်၍ အာဏာစနစ်ပြောင်းလဲရန် လှုံ့ဆော်မှုများသည် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေခြင်း၊ ကမ္ဘာကြီးအနေဖြင့် အင်အားကြီးသူက အနိုင်ယူသည့် “တောရိုင်းဥပဒေ” (The Law of the Jungle) ဆီသို့ နောက်ပြန်မလှည့်သင့်ဘဲ နိုင်ငံတကာလူ့အဖွဲ့အစည်းက ယင်းလုပ်ရပ်များကို ဝိုင်းဝန်းဆန့်ကျင်ရန် လိုအပ်သည်ဟု ဆိုခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများသည် လက်ခံနိုင်ဖွယ်မရှိဟုလည်း ဆိုသည်။ ဤလုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများကို ချိုးဖောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ စစ်ဆင်ရေးလုပ်ရှားမှုများ ချက်ချင်းရပ်ဆိုင်းရန်၊ အမြန်ဆုံး ပြန်လည်ဆွေးနွေးညှိနှိုင်းရန်နှင့် တစ်ဖက်သတ်လုပ်ရပ်များကို အတူတကွ ဆန့်ကျင်ရန် ဖြစ်ကြောင်း ပြောခဲ့သည်။
တရုတ်နိုင်ငံသည် အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာ လုံခြုံရေး၊ နယ်မြေတည်ငြိမ်မှုနှင့် လူမျိုးရေးဂုဏ်သိက္ခာကို ကာကွယ်ရန်၊ ၎င်း၏ တရားဝင်ခွင့်အခွင့်အရေးများကို ထိန်းသိမ်းရန် ထောက်ခံကြောင်းလည်း ပြောခဲ့သည်။ ထို့ပြင် အင်အားကြီးနိုင်ငံများအနေဖြင့် ၎င်းတို့၏ စစ်ရေးအားသာချက်ကို အလွဲသုံးစားပြု၍ အခြားနိုင်ငံများကို တိုက်ခိုက်ခွင့်မရှိကြောင်းနှင့် ပင်လယ်ကွေ့နိုင်ငံများ၏ တရားဝင်တောင်းဆိုချက်များကို လေးစားရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောခဲ့သည်။
တရုတ်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရားမျှတမှုဘက်မှ ရပ်တည်ကာ စစ်ပွဲတားဆီးရေးနှင့် ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သော ပံ့ပိုးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။
#အီရန်ခေါင်းဆောင် #လုပ်ကြံခံရမှု #အမေရိကန် #အစ္စရေး #တရုတ်ဝေဖန် #ThanLwinKhetNews
