![]()
သံလွင်ခက်/မတ် ၄။ Photo crd – The Daily Express
အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဒူဘိုင်းမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို မတ်လ ၃ ရက် အင်္ဂါနေ့ညပိုင်းက အီရန်၏ အသေခံဒရုန်းဟု ယူဆရသော ဒရုန်းတစ်စင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခံရသည်ဟု နိုင်ငံတကာသတင်းဌာနများတွင်ဖော်ပြထားသည်။
ထိုအပြင် အမေရိကန်အစိုးရက ပင်လယ်ကွေ့နိုင်ငံများရှိ ၎င်း၏ နိုင်ငံသားများနှင့် သံရုံးဝန်ထမ်းများကို အရေးပေါ် ထွက်ခွာကြရန် အမိန့်ထုတ်ပြန်လိုက်သည်။
အဆိုပါ ဒရုန်းတိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသည့် မီးလောင်ကျွမ်းမှုကို ဒေသတွင်း အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များက အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ဒူဘိုင်းမြို့တော်အစိုးရ မီဒီယာရုံးက ထုတ်ပြန်ထားကာ Reuters၊ CNN နှင့် The Guardian စသည့် သတင်းဌာနများကလည်း အတည်ပြု ဖော်ပြကြသည်။ သို့သော်လည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော ဗီဒီယိုများအရ ထိုဧရိယာမှ ကြီးမားသော မီးတောက်များနှင့် မီးခိုးလုံးကြီးများ ထွက်ပေါ်ခဲ့သည်ကို မြင်တွေ့ရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို(Marco Rubio)က ကောင်စစ်ဝန်ရုံး အဆောက်အအုံဘေးရှိ ယာဉ်ရပ်နားကွင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ဝန်ထမ်းအားလုံး ဘေးကင်းကြောင်းနှင့် ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုများကြောင့် သံတမန်ရေးရာ အဆောက်အအုံများတွင် ဝန်ထမ်းအင်အား လျှော့ချထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် “ကျွန်ုပ်တို့ရဲ့ သံရုံးတွေနဲ့ သံတမန်ရေးရာ အဆောက်အအုံတွေဟာ အကြမ်းဖက် အစိုးရတစ်ရပ်ရဲ့ တိုက်ရိုက်တိုက်ခိုက်မှုကို ခံနေရပါတယ်”ဟု ရူဘီယိုက ထည့်သွင်းပြောဆိုခဲ့သည်။ ယခုတိုက်ခိုက်ခံရသည့် ဒူဘိုင်းရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးသည် လူနေထူထပ်သော ဧရိယာတစ်ခုဖြစ်ပြီး ဗြိတိန်သံရုံးနှင့် ဆော်ဒီကောင်စစ်ဝန်ရုံးတို့ အနီးတွင် တည်ရှိသည်။
ယမန်နေ့ အစောပိုင်းကလည်း ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယာ့ဒ် (Riyadh) မြို့ရှိ အမေရိကန်သံရုံးကို အလားတူ ဒရုန်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ မီးအနည်းငယ်လောင်ကျွမ်းပြီး အသေးစား ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။
ယခုကဲ့သို့ အမေရိကန်၏ ပိုင်ဆိုင်မှုများထားရှိရာ ပင်လယ်ကွေ့နိုင်ငံများတွင် ခြိမ်းခြောက်မှုများ ပိုမိုမြင့်တက်လာသဖြင့် ဒေသတွင်း တင်းမာမှုများ ပိုမိုဖြစ်ပွားလာခဲ့သည်။
အဆိုပါ အခြေအနေများကြောင့် အမေရိကန် တာဝန်ရှိသူများက ယူအေအီး (UAE)၊ ဆော်ဒီအာရေးဗီးယား၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာနှင့် အခြားနိုင်ငံများမှ မရှိမဖြစ်လိုအပ်ခြင်းမရှိသော ဝန်ထမ်းများကို ရွှေ့ပြောင်းရန် အမိန့်ပေးထားပြီး ဒေသတွင်းရှိ အမေရိကန်နိုင်ငံသားများကိုလည်း “ယခုချက်ချင်း ထွက်ခွာကြရန်”အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
#ဒူဘိုင်း #အမေရိကန်ကောင်စစ်ဝန်ရုံး #အီရန် #အသေခံဒရုန်း #တိုက်ခိုက်ခံရ #ThanLwinKhetNews
