![]()
ပုံစာ- စန်းရန်စက်ရုံအလုပ်သမားများ ၈ရက်မြောက် ဆက်လက် တောင်းဆိုနေကြသည့်မြင်ကွင်း
နှောင်း/မတ် ၄။ Photo Crd-STGU
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ SANYAN OUTDOOR (စန်းရန်) အထည်ချုပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ပေးရန် အလုပ်သမားများ၏ တောင်းဆိုမှုသည် ယနေ့တွင် ၈ ရက်မြောက်သို့ ရောက်ရှိလာပြီး ပြေလည်မှု မရသေးသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအဆင့်အထိ တက်ရောက်ညှိနှိုင်းသွားမည်ဟု သိရသည်။
ပြီးခဲ့သည့် မတ် ၃ ရက် (၇ ရက်မြောက်နေ့) ညှိနှိုင်းမှုတွင် သဘောတူညီမှုရရှိထားသည့် နေ့တွက်စရိတ် (ဒေးကြေး) ၁၂,၅၀၀ ကျပ်ကို အလုပ်ရှင်ဘက်က ၁၂,၀၀၀ ကျပ်သို့ ပြန်လည်လျှော့ချခဲ့သည့်အတွက် ညှိနှိုင်းမှု ပျက်ပြားခဲ့ရခြင်း ဖြစ်သည်။
“ဒေးကြေး ၁၂,၅၀၀ ပေးထားပြီးသားကို ၁၂,၀၀၀ ပဲ ပေးတော့တာနဲ့ ဆက်ညှိမရတာပါ။ ဒီနေ့တော့ တိုင်းက လာညှိမယ် ပြောတယ်” ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (STUM) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အလုပ်သမား ၄၀၀ ကျော်က စက်ရုံရှေ့၌ ဆက်လက်ဆန္ဒပြနေဆဲဖြစ်ပြီး အလုပ်သမား ၂၀၀ ခန့်မှာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်သည်။ ယင်းသို့ လုပ်ငန်းခွင်ပြန်ဝင်ရန် အလုပ်သမားများအပေါ် ဖိအားပေးခြိမ်းခြောက်မှုများ ရှိနေကြောင်း ရွှေပြည်သာစက်မှုဇုန် အလုပ်သမားသမဂ္ဂက ထုတ်ပြန်ထားသည်။

ပုံစာ- စန်းရန်စက်ရုံအလုပ်သမားများ ၈ရက်မြောက် ဆက်လက် တောင်းဆိုနေကြသည့်မြင်ကွင်း/Photo Crd-STGU
အဆိုပါထုတ်ပြန်ချက်အရ အလုပ်ရှင်ဘက်က ညှိနှိုင်းပြီးသား ဒေးကြေးကို ပြန်လည်လျှော့ချခြင်းအပြင် အချိန်ပိုကြေး (OT) ကိုလည်း တိုးမြှင့်လိုက်၊ ပြန်လျှော့လိုက် ပြုလုပ်နေသည်ဟု ဆိုသည်။
စန်းရန်စက်ရုံ အလုပ်သမားများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်ကတည်းက လုပ်ခလစာတိုးမြှင့်ရေးအတွက် စက်ရုံအတွင်း စတင်တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ ယင်းနောက် ညှိနှိုင်းမှု ၆ ကြိမ်တိုင် ပြုလုပ်ခဲ့သော်လည်း ပြေလည်မှု မရခဲ့ပေ။
အထူးသဖြင့် ဖေဖော်ဝါရီ ၂၄ ရက် ညှိနှိုင်းမှုတွင် စက်ရုံမန်နေဂျာက အခြေခံလစာတိုးပေးမည့်အစား တစ်ရက်လျှင် မုန့်ဖိုးအဖြစ် ၁၀၀ ကျပ်သာ တိုးပေးမည်ဟု ပြောဆိုခဲ့ရာမှ အခြေအနေများ ပိုမိုတင်းမာလာခဲ့သည်။
SANYAN OUTDOOR အထည်ချုပ်စက်ရုံသည် Sinsay နှင့် SNSY OUTWEAR ကဲ့သို့သော နိုင်ငံတကာအမှတ်တံဆိပ်များကို ချုပ်လုပ်နေသည့် စက်ရုံဖြစ်သည်။ အဆိုပါ အငြင်းပွားမှုများနှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများ၏ တုံ့ပြန်ချက်ကို ရရှိနိုင်ရန် သံလွင်ခက်မှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ပုံစာ- စန်းရန်စက်ရုံအလုပ်သမားများ ၈ရက်မြောက် ဆက်လက် တောင်းဆိုနေကြသည့်မြင်ကွင်း/Photo Crd-STGU
#စန်းရန် #အလုပ်သမားသပိတ် #တိုင်းအဆင့် #ဝင်ရောက်ညှိနှိုင်း #ThanLwinKhetNews
