![]()
သံလွင်ခက်/မတ် ၂၀။
ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်အတွင်း၌ ယနေ့နံနက်အစောပိုင်းက လက်နက်ကိုင်မှောင်ခိုအဖွဲ့နှင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကာလတန်ဖိုး အလွန်မြင့်မားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၇ သန်းကို သိမ်းဆည်းရမိခဲ့ကြောင်း ဖာမိန်း (Pha Muang) စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်၊ အနုရုထိုင်း (Arunothai) ကျေးရွာအနီးရှိ နယ်စပ်ဝင်ပေါက်များတွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများ ရှိနိုင်ကြောင်း ကြိုတင်သတင်းရရှိထားသဖြင့် ချိုင်ယာနုဖတ် (Chaiyanuphap) အထူးစစ်ဆင်ရေးတပ်ဖွဲ့က ကင်းလှည့်ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သည်။

ယနေ့နံနက် ၄ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အနုရုထိုင်းကျေးရွာရှိ “ပါးဆက်” တောင်ကြားလမ်းအနီး၌ ကျောပိုးအိတ်ကိုယ်စီ လွယ်ထားသည့် လူအယောက် ၃၀ ခန့်ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို စစ်ဆေးရေးအဖွဲ့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
၎င်းတို့ကို ရပ်တန့်စစ်ဆေးရန် ကြိုးပမ်းစဉ် မှောင်ခိုအဖွဲ့ဘက်က လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် ၅ မိနစ်ခန့်ကြာအောင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မှောင်ခိုအဖွဲ့သည် နယ်မြေကျွမ်းကျင်မှုကို အသုံးချကာ တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

အဆိုပါ နယ်မြေရှင်းလင်းရေးအတွင်း မှောင်ခိုဂိုဏ်းသားများ စွန့်ပစ်ထားခဲ့သည့် ကျောပိုးအိတ်ပေါင်း ၂၅ အိတ်ကို သိမ်းဆည်းရမိခဲ့သည်။
၎င်းတို့အနက် အိတ် ၂၃ အိတ်မှာ မူးယစ်လောကတွင် လူသိများသည့် “999” တံဆိပ်ရိုက်နှိပ်ထားသော စိတ်ကြွဆေးပြားများဖြစ်ပြီး ကျန်ရှိသည့် အိတ် ၂ အိတ်မှာမူ “1” နှင့် “2” ဂဏန်းအမှတ်အသားပါ ဆေးပြားများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
စုစုပေါင်း အရေအတွက်အားဖြင့် ၅,၇၀၀,၀၀၀ (၅ ဒသမ ၇ သန်း) ခန့်ရှိပြီး ကာလတန်ဖိုးအားဖြင့် အလွန်မြင့်မားသည့် ပမာဏဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖာမိန်းစစ်ကြောင်း၏ ဒုတိယတပ်မှူး ဗိုလ်မှူးကြီး ဒေချာသော် စိုင်ယု (Col. Dechathorn Saiyut) က လက်ရှိတွင် မောင်းသူမဲ့လေယာဉ် (Drone) များ အသုံးပြု၍ ထွက်ပြေးသွားသည့် တရားခံများကို လိုက်လံရှာဖွေရန်နှင့် နယ်မြေစိုးမိုးရေးလုပ်ဆောင်ရန် ညွှန်ကြားထားသည်။

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ထားပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ထိုင်းသတင်းများကဖော်ပြသည်။
Ref: Northnow
#ထိုင်း-မြန်မာနယ်စပ် #မူးယစ်ဆေး #ThanLwinKhetNews
