![]()
ပုံ – သမ္မတထရန့်၏ ရပ်တည်ချက်ကို မထိခိုက်စေရန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး တူလ်ဆီ ဂတ်ဘတ် ကြိုးတန်းလမ်းလျှောက်သကဲ့သို့ ဂရုတစိုက် ကိုင်တွယ်ခဲ့ရကြောင်း နိုင်ငံတကာ သတင်းများက ရေးကြသည်။
သံလွင်ခက်/မတ် ၁၉။ (ဓာတ်ပုံ – Francis Chung/POLITICO)”
အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ထရန့်အစိုးရအဖွဲ့က အသုံးပြုခဲ့သည့် အကြောင်းပြချက်များနှင့် ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးထိပ်သီးခေါင်းဆောင်များက လွှတ်တော်တွင် တိုက်ရိုက်တုံ့ပြန် ထွက်ဆိုလိုက်ခြင်းကြောင့် အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ရှိနေကြောင်း ထင်ရှားလာသည်။
ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် ဆီးနိတ်ထောက်လှမ်းရေးကော်မတီ ကြားနာပွဲတွင် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး (DNI) တူလ်ဆီ ဂတ်ဘတ် (Tulsi Gabbard) နှင့် စီအိုင်အေ (CIA) ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ် (John Ratcliffe) တို့က အီရန်၏ ဒုံးကျည်စွမ်းဆောင်ရည်သည် အမေရိကန်ပြည်ထောင်စုသို့ တိုက်ရိုက်ခြိမ်းခြောက်နိုင်သည့် အခြေအနေသို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ လိုအပ်နေသေးကြောင်း အတည်ပြုခဲ့ကြသည်။

ပုံ – သမ္မတထရန့်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်ခဲ့သော နိုင်ငံတော်အခြေပြမိန့်ခွန်း၌ “အီရန်သည် အမေရိကန်ပြည်ထောင်စုကို မကြာခင် ရောက်ရှိနိုင်မည့် ဒုံးကျည်များ တည်ဆောက်နေသည်” ဟု စွပ်စွဲကာ စစ်ရေးအရ ဖိအားပေးမှုများကို အရှိန်မြှင့်ခဲ့သည်။ (ပုံ – Doug Mills / Pool / AFP)
သမ္မတထရန့်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်ခဲ့သော နိုင်ငံတော်အခြေပြမိန့်ခွန်း၌ “အီရန်သည် အမေရိကန်ပြည်ထောင်စုကို မကြာခင် ရောက်ရှိနိုင်မည့် ဒုံးကျည်များ တည်ဆောက်နေသည်” ဟု စွပ်စွဲကာ စစ်ရေးအရ ဖိအားပေးမှုများကို အရှိန်မြှင့်ခဲ့သည်။
သို့သော် ထောက်လှမ်းရေးအကြီးအကဲများ၏ ထွက်ဆိုချက်မှာ သမ္မတ၏ ပြောကြားချက်နှင့် ကွဲလွဲနေသည်။
အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဂတ်ဘတ်က အီရန်အနေဖြင့် တိုက်ချင်းပစ်ဒုံးကျည် (ICBM) ထုတ်လုပ်နိုင်ရန်မှာ ၎င်းတို့၏ အာကာသစီမံကိန်းနှင့် ပေါင်းစပ်နိုင်လျှင်ပင် ၂၀၃၅ ခုနှစ်မတိုင်မီ ဖြစ်လာနိုင်ခြေမရှိဟု ဆိုသည်။

ပုံစာ – အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး တူလ်ဆီ ဂတ်ဘတ်သည် ဗုဒ္ဓဟူးနေ့က ဆီးနိတ် ထောက်လှမ်းရေးကော်မတီတွင် သက်သေထွက်ဆိုခဲ့စဉ် (ဓာတ်ပုံ – Tierney L. Cross/ The New York Times)
ယင်းမှာ လက်ရှိအစိုးရက စိုးရိမ်နေသည့် “ခြောက်လအတွင်း ခြိမ်းခြောက်မှု” ဆိုသည့် အချက်ကို ပယ်ချလိုက်ခြင်းလည်း ဖြစ်သည်။
ဂျော်ဂျီယာအမတ် ဂျွန် အော့ဆော့ဖ်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဂတ်ဘတ်က “ဘယ်အရာက လက်ငင်းခြိမ်းခြောက်မှု ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ဆုံးဖြတ်ဖို့က ထောက်လှမ်းရေးလောကရဲ့ တာဝန်မဟုတ်ဘဲ သမ္မတရဲ့ လုပ်ပိုင်ခွင့်သာဖြစ်တယ်” ဟု ဆိုကာ ပေါ်လစီပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ၎င်းတို့နှင့် သီးခြားခွဲထုတ်လိုက်သည်။
စီအိုင်အေညွှန်ကြားရေးမှူး ရက်ကလစ်ဖ်က အီရန်ဒုံးကျည်များသည် လက်ရှိတွင် ဥရောပနှင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်အခြေစိုက်စခန်းများကိုသာ ပစ်မှတ်ထားနိုင်စွမ်းရှိကြောင်း ထောက်ပြသည်။
သို့သော်လည်း လက်ရှိပြုလုပ်နေသည့် “Operation Epic Fury” စစ်ဆင်ရေးသည် အမျိုးသားလုံခြုံရေးအတွက် အရေးကြီးကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
ယခုကြားနာပွဲသည် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်ရေးကြောင့် အီရန်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်အကဲဖြတ်နေချိန်နှင့် တိုက်ဆိုင်နေပြီး၊ အိမ်ဖြူတော်၏ စစ်ရေးရည်မှန်းချက်များနှင့် ထောက်မ်းရေးအဖွဲ့များ၏ မြေပြင်အချက်အလက်များအကြား ဟန်ချက်မညီမှုကို မီးမောင်းထိုးပြနေသည်။
ထို့အပြင် အမေရိကန် အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုဌာန (NCTC) ၏ ညွှန်ကြားရေးမှူး ဂျိုးကန့် (Joe Kent) သည် အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ပွဲကို “ကိုယ်ကျင့်တရားအရ ဆက်လက်မထောက်ခံနိုင်တော့ကြောင်း” အကြောင်းပြကာ ပြီးခဲ့သည့် အင်္ဂါနေ့တွင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။

ပုံ – ၂၀၂၂ ခုနှစ်က ရစ်ပတ်ဘလီကန်လွှတ်တော်အမတ်လောင်းအဖြစ် မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း တွေ့ရသော ဂျိုးကန့်။ ၎င်းသည် အီရန်စစ်ပွဲကို ဆန့်ကျင်ကြောင်း အကြောင်းပြ၍ ရာထူးမှ နှုတ်ထွက်ခဲ့သည်။ (ဓာတ်ပုံ – Nathan Howard/Getty Images)
ယင်းနှုတ်ထွက်မှုသည် ထရန့်အစိုးရအဖွဲ့အတွင်း အီရန်စစ်ပွဲနှင့် ပတ်သက်၍ အကြီးတန်းအရာရှိတစ်ဦး ပထမဆုံးအကြိမ် လူသိရှင်ကြား ဆန့်ကျင်နှုတ်ထွက်ခြင်း ဖြစ်သည်။
ဂျိုးကန့်၏ နှုတ်ထွက်မှုနှင့် ပတ်သက်၍ သမ္မတထရန့်က သတင်းထောက်များကို ပြောကြားရာတွင် ဂျိုးကန့်သည် “လုံခြုံရေးကဏ္ဍတွင် အလွန်ပျော့ညံ့သူ” ဖြစ်ကြောင်းနှင့် ၎င်းနှုတ်ထွက်သွားခြင်းမှာ “ကောင်းသောကိစ္စ” သာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ထို့ပြင် အစ္စရေး၏ ဖိအားပေးမှုကို ခံရသည်ဆိုသည့် အချက်ကိုလည်း သမ္မတက ငြင်းဆိုခဲ့သည်။
အကြမ်းဖက်မှုများကို စိစစ်သုံးသပ်ရသည့် ဌာန၏ အကြီးအကဲကိုယ်တိုင် စစ်ပွဲ၏ အကြောင်းပြချက်အပေါ် မေးခွန်းထုတ်လာခြင်းမှာ အိမ်ဖြူတော်အတွက် နိုင်ငံရေးအရ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
ရည်ညွှန်းကိုးကား – The Newyork Times
#အမေရိကန်#အီရန်#စစ်ပွဲ#ထောက်လှမ်းရေး#ထွက်ဆိုချက်
#ThanLwinKhetNews
