မြန်မာကလေးငယ် ၁၉ ဦးအား နေရပ်ပြန်ပို့မည့်အပေါ်စိုးရိမ်ကြောင်း ထိုင်းအရပ်ဘက်အဖွဲ့များဆို
*******
သံလွင်ခက်
မတ် ၂၇၊ ၂၀၂၄။
ထိုင်းအစိုးရက ယခုလအတွင်းဖမ်းဆီးချုပ်နှောင်ထားသော အထောက်အထားမဲ့မြန်မာကလေးငယ် ၁၉ ဦးအား နေရပ်ပြန်ပို့မည့်အပေါ် စိုးရိမ်ပူပန်နေသည်ဟု ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ယနေ့မတ်လ ၂၆ ရက်တွင် ပြောဆိုလိုက်သည်။
သို့သော် ထိုင်းဝန်ကြီး ၁ ဦးကတော့ ယင်းကဲ့သို့လုပ်ဆောင်ရန်အစီအစဥ်မရှိပါဟု ပြန်လည်ငြင်းဆိုခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများတိုးလာနေခြင်း ကြောင့် ထိုင်းနိုင်ငံသို့ရှောင်တိမ်းလာသည့် အထောက်အထားမဲ့မြန်မာနိုင်ငံသားအရေအတွက်တိုးပွားလာနေပြီး အထောက်အထားမဲ့ကလေးငယ် ၁၉ ဦးအား ယခုကဲ့သို့ မြန်မာနိုင်ငံပြန်ပို့မည်ဆိုခြင်းသည် မြန်မာ့အရေးနှင့်ပတ် သက်၍ ထိုင်းနိုင်ငံ၏ကြိုတင်ပြင်ဆင်ထားမှုမရှိခြင်းကို မီးမောင်းထိုးပြနေသည်ဟု ထိုင်းအဖွဲ့အစည်းများကပြော သည်။
ဖမ်းဆီးခံထားရသောကလေးငယ်များသည် အသက် ၅ – ၁၆ နှစ်အတွင်းဖြစ်ပြီး ပြီးခဲ့သော မတ်လ ၁၂ ရက်ကစပြီး ၎င်းတို့၏မိဘများ၊ ဆွေမျိုးသားချင်းများနှင့် တွေ့ခွင့်မရတော့ဟု သိရသည်။
အဆိုပါကလေးများအား ချင်းရိုင်ခရိုင်ရှိလူမှုရေးဂေဟာတစ်ခုမှ ထိုင်းအစိုးရဝန်ထမ်းများက ဖမ်းဆီးခေါ်ဆောင်ခဲ့ ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူ နသနတ် ဘွန်းခေါင်း က ရိုက်တာသတင်းဌာကိုပြောသည်။
“အစိုးရက ဘယ်လိုဆောင်ရွက်နေသလဲဆိုတဲ့အပေါ် ကျွန်မတို့စိုးရိမ်မိတယ်” ဟု သူမကပြောသည်။ သူမသည် အဆိုပါကလေးငယ်များဖမ်းဆီးခံခဲ့ရသော လူမှုရေးဂေဟာဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။
ပြီးခဲ့သော ဇူလိုင်လတုန်းကလည်း ထိုင်းအစိုးရက အထောက်အထားမဲ့ကလေးငယ် ၁၂၆ ဦးကိုဖမ်းဆီးခဲ့သေးသည် ဟု သူမကထောက်ပြသည်။ အဆိုပါအထောက်အထားမဲ့ကလေးငယ်အများစုမှာ မြန်မာနိုင်ငံရှိ လူနည်းစုတိုင်းရင်း သားမျိုးနွယ်ထဲကဖြစ်ပြီး ၎င်းကလေးငယ် ၁၂၆ ဦးကိုလည်း အထောက်အထားမရှိဟူသောအကြောင်းပြချက်ဖြင့် ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့သည်။
“အဲဒီကလေးတွေကိုတော့ ပြည်နှင်ဒဏ်ပေးပြီးသွားပြီ။ သူတို့နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကို လည်း ဘာမှမသိရတော့ဘူး”ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။
နယ်စပ်ဒေသနှင့်အလှမ်းဝေးသည့် ထိုင်းနိုင်ငံအလယ်ပိုင်းခရိုင်တစ်ခုဖြစ်သော အန်ထောင်းခရိုင်ရှိ စာသင်ကျောင်း များ၌ အထောက်အထားမဲ့ကလေးငယ်အများအပြားတွေ့ရှိခဲ့ပြီးနောက် ထိုင်းအစိုးရကထုတ်ပြန်ထားသည့် ပြည် နှင်ဒဏ်ပေးရေးမူဝါဒကို လိုက်နာခဲ့ကြသည်ဟု တာဝန်ရှိသူများက ပြောသည်။
သို့သော်လည်း ထိုင်းနိုင်ငံ၏ လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားဘဝလုံခြုံရေးဝန်ကြီး ဝါရာဝပ် က တော့ လက်ရှိဖြစ်ပွားနေသောကိစ္စနှင့်ပတ်သက်ပြီး ပြည်နှင်ဒဏ်ပေးဖို့အစီအစဥ်မရှိပါဟု ငြင်းဆိုထားသည်။
“ထိုင်းနိုင်ငံမှာရှိနေတဲ့ကလေးတွေအားလုံးကို လူမျိုး၊ ဘာသာမခွဲခြားဘဲ ထိုင်းအစိုးရက ပြုစုစောင့်ရှောက်သွားမှာ ဖြစ်တယ်။ သူတို့ကို ပြည်နှင်ဒဏ်ပေးမယ်ဆိုတဲ့မူဝါဒမျိူး ကျွန်တော်တို့မှာမရှိပါဘူး”ဟု သူကပြောသည်။
တစ်ဆက်တည်းမှာပဲ ဝန်ကြီးက ယခုကဲ့သို့ အထောက်အထားမဲ့ကလေးငယ်များကို ထိန်းသိမ်းထားရခြင်းမှာ လည်း လပ်ပူရီခရိုင်ရှိဘုရားကျောင်းတစ်ကျောင်းတွင် အတင်းအကြပ် တောင်းရမ်းခိုင်းမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည် ဟု ပြောသည်။
နသနတ် ကတော့ အဆိုပါကလေးငယ်များသည် ၎င်းတို့၏ နွေရာသီကို လပ်ဘူရီဘုရားကျောင်းတွင် ကုန်ဆုံးခဲ့ခြင်း သာဖြစ်ပြီး အလွဲသုံးစားလုပ်ခဲ့သည်မျိုးမရှိခဲ့ပါဟု ဝန်ကြီး၏စွပ်စွဲချက်ကို ပြန်လည်တုံ့ပြန်ခဲ့သည်။
ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံတောင်ပိုင်း၊ မြန်မာနှင့် လာအိုနိုင်ငံတို့မှလာရောက်ကြသည့် သိန်းချီသောအထောက် အထားမဲ့များနေထိုင်ရာ နေအိမ်တစ်ခုဖြစ်လာနေသည်။
အဆိုပါနိုင်ငံများကနေ ထိုင်းနိုင်ငံကိုရောက်လာကြသည့် အထောက်အထားမဲ့ကလေးငယ်များသည်လည်း ပညာရေးကဲ့သို့သောဝန်ဆောင်မှုရရှိရန် လက်လှမ်းမမီနိုင်ဖြစ်နေကြရသည်။
“ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကရောက်လာတဲ့ အထောက်အထားမဲ့ကလေးငယ်ပေါင်း ၅၀၀,၀၀၀ ကျော်ရှိနေပြီး အနည်းဆုံး ၁ ဒဿမ ၅ သန်းအထိ တိုးလာဖို့ရှိတယ်” ဟု လူ့အခွင့်အရေးကော်မရှင်နာဟောင်း Tuenjai Deetes က ပြောသည်။
Ref: Reuters
ပုံစာ – ထိုင်းနိုင်ငံ လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားဘဝလုံခြုံရေးဝန်ကြီး ဝါရာဝပ်။
************
Telegram– > https://t.me/newstlk/4014
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8708