ဆွမ်ပရာဘွမ်သို့ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် ဆွမ်ပီယာန် ရောက်ရှိ
*******
ထွယ်
မေ ၁၃၊ ၂၀၂၄။
KIA ထိန်းချုပ်ထားသည့် ဆွမ်ပရာဘွမ်မြို့ကို ထိုးစစ်ဆင်ရန်အတွက် ပူတာအိုမြို့က အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆွမ်ပရာဘွမ်မြို့နှင့် ၃၈ မိုင်ဝန်းကျင်အကွာ ဆွမ်ပီယာန်ကျေးရွာတွင် ရောက်ရှိနေပြီဟု ဆွမ်ပီယာန်ဒေသခံများထံက သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆွမ်ပီယာန်ကျေးရွာကို မေလ ၁၁ ရက်ကတည်းကရောက်ရှိနေခြင်း
ဖြစ်ပြီး ဒေသခံပြည်သူများလည်း ယင်းနေ့ကတည်းက ပင် တိမ်းရှောင်လျက်ရှိသည်ဟု ဆွမ်ပီယာန်ဒေသခံ အမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ဆွမ်ပီယာန်ကို ရောက်နေကြပြီ။ သူတို့က တပ်ထဲနေကြတာမဟုတ်ဘဲ ရွာထဲကိုဝင်ပြီး ရွာထဲနေထားကြတာ။ လောလောဆယ်တော့ ဆွမ်ပရာဘွမ်ကိုတော့ ဆက်မသွားကြသေးဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆွမ်ပရာဘွမ်မြို့ကို လက်လွှတ်လိုက်ရပြီးနောက် မေလ ၈ ရက်ကတည်းက ပူတာအိုမြို့ရှိ ဗျူဟာကုန်းတပ်ကနေ ဆွမ်ပရာဘွမ်သို့ ဆင်းလာကြသူများဖြစ်ပြီး တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပူတာအိုမြို့ကဆင်းလာစဉ် မေလ ၁၀ ရက်တွင် တန်ဂျာကျေးရွာအကျော်၌ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီးနောက် ဆွမ်ပီယာန်ကျေးရွာအုပ်စုတွင်ပါဝင်သည့် ဝဒတ်ကျေးရွာကိုဝင်ရောက်ကာ အဆိုပါ ကျေးရွာက ဒေသခံအမျိုးသား ၇ ဦးကို မေလ ၁၁ ရက် နံနက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုသိရသည်။
အဆိုပါဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ်အသုံးချခဲ့ပြီး မေလ ၁၁ ရက် ညနေ ဆွမ်ပီယာန်ကျေးရွာကိုမရောက်ခင် ပြန်လွတ်ပေးခဲ့သည်ဟု ကျေးရွာဒေသခံအမျိုးသား ၁ ဦးက ပြောသည်။
ဆွမ်ပီယာန်ကျေးရွာတွင် မချမ်းဘော့မြို့အခြေစိုက်စစ်
ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ – ၁၃၇ ၏ တပ်ဖွဲ့ဝင်များရှိနေပြီး ယင်းတပ်သည် ဆွမ်ပီယာန်ကျေးရွာတွင် လာရောက်တပ်စွဲသည်မှာ ၁ နှစ်ကျော်ခန့်ရှိပြီဟု ဒေသခံများက ပြောသည်။
ယခုချိန်မှာတော့ ဆွမ်ပီယာန်ကျေးရွာရှိ ဒေသခံ ၁,၀၀၀
ခန့်သည် တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့် ကျေးရွာပြင်ပသို့ တိမ်းရှောင်လျက်ရှိသည်ဟု သိရသည်။
စစ်ကောင်စီသည် ဆွမ်ပရာဘွမ်မြို့ကို လက်လွှတ်ရပြီးနောက် ပူတာအိုဗျူဟာကုန်းသို့လည်း လေကြောင်းဖြင့် စစ်အင်အားဖြည့်တင်းလျက်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သံလွင်ခက်ကို ပြောသည်။
ပုံစာ- မေလ ၅ ရက်နေ့က သိမ်းပိုက်ခဲ့သည့် ဆွမ်ပရာဘွမ်တပ်စခန်း။
****
Telegram – > https://t.me/ThanLwinKhetNews/4582
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9936