ED Visa လျှောက်ထားမှုရပ်နားထားမည်ဟု ထိုင်းအစိုးရ တရားဝင်မကြေညာသေး
********
စကားမောင်
မေ ၁၂၊ ၂၀၂၄။
ထိုင်းနိုင်ငံတွင် အမျိုးသားများ ပညာရေးဗီဇာ(ED Visa) လျှောက်ထားမှုခေတ္တရပ်နားလိုက်သည့်သတင်းများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေသော်လည်း ထိုင်းအစိုးရက တရားဝင်ကြေညာခြင်းမရှိသေးဟု သံလွင်ခက်ကသိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ဘန်ကောက်ရှိ ကျောင်းအချို့က ED Visa ဖြင့် အမျိုးသားများကျောင်းအပ်ခြင်းကို ရပ်နားထားကြောင်း မေလ ၉ ရက်ကစတင် ကြေညာခဲ့သည်ဟု ကျောင်းသားများနှင့် ဗီဇာဝန်ဆောင် မှုပေးသူများကဆိုသည်။
အမျိုးသားများအား ED ဗီဇာပိတ်သည်ဆိုရာဝယ် အလည်ဗီဇာဖြင့်လာရောက်၍ ပညာရေးဗီဇာပြန်ပြောင်းလျှောက်သူများအားပိတ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကနေ တိုက်ရိုက် ED Visa ဖြင့်လာရောက်သူများအား လက်ခံထားဆဲဖြစ်သည်ဟု ဘန်ကောက်တွင်ကျောင်းတက်ရောက်နေသည့် မြန်မာကျောင်းသူ ၁ ဦးကဆိုသည်။
အမျိုးသားများသီးသန့်သာ ကျောင်းအပ်နှံခြင်း ရပ်ဆိုင်းထားသောကြောင့် အမျိုးသမီးများအနေဖြင့် ED Visa ဆက်လက်လျှောက်ထားနိုင်ဆဲဖြစ်သည်ဟုသိရသည်။
“မြန်မာသီးသန့်တော့မဟုတ်ဘူးပေါ့နော်။ အမျိုးသားများကျောင်းအပ်လက်မခံတော့ပါဆိုတဲ့ ပုံစံမျိုးပဲ ကြေညာတာပေါ့။ အဲ့ဒီမှာမှ လူတွေကတော့ ထိတ်လန့်တာ (panic) ဖြစ်တာပေါ့နော်။ ဆိုတော့ မြန်မာအသိုင်းဝိုင်းမှာ ပြော (share) ရင်းနဲ့မှ အဲ့လိုမျိုးပုံစံဖြစ်သွားတာပေါ့”ဟု ဘန် ကောက်တွင် ဗီဇာဝန်ဆောင်မှုပေးသူ ၁ ဦးကပြောသည်။
ထိုင်းအစိုးရက တရားဝင်ကန့်သတ်ခဲ့မည်ဆိုပါက မြန်မာ နိုင်ငံသားများအနေဖြင့် ED visa အလွယ်တကူမရနိုင်သည့်အခါ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်အတွက် ပန်းရောင်ကတ် (သို့) မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား CI စသည်များဖြင့် နေထိုင်ရန် ခက်ခဲလာနိုင်သည်ဟု ၎င်းကဆိုသည်။
“ED visa အလွယ်တကူ ဝယ်လို့မရတော့ဘူးဆိုရင်တော့ ဘတ်ရိုက်တဲ့ဘက်မှာ လူတွေသွားအုံမယ်ထင်တယ်။ ဒါပေမယ့်လည်း ဘတ်ရိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း ထိုင်းအစိုးရက အခုထိမဖွင့်ပေးသေးဘူးဆိုတော့ ဒီကြားထဲမှာ မြန်မာလူမျိုး ယောင်္ကျားလေးတွေတော့ ဗျာများရမှာပေါ့နော်။ အခက်အခဲတော််တော်ဖြစ်မယ်ထင်တယ်”ဟုဆိုသည်။
ဘာသာစကားကျောင်းများတွင် ED Visa လျှောက်ထားသူ အလွန်များပြားလာသောကြောင့် ပြန်လည်စိစစ်ရန် ရပ်နားထားခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံရှိ သတင်းရင်း မြစ်များထံက သိရသည်။
“တကယ့်တကယ်က နေရာတိုင်းမှာ မပိတ်သေးဘူး။ ဒါပေမယ့် ပွဲစားတွေက ပိတ်နေပြီ၊ သူတို့လုပ်ပေးမှရတော့မယ် ဆိုတဲ့ပုံစံမျိုးနဲ့ VIP အနေနဲ့ သူတို့လုပ်ပေးမယ်ဆိုပြီးတော့ လုပ်လို့ကောင်းအောင် သတင်းတွေဖြန့်တာမျိုးတွေလည်းရှိတယ်ပေါ့နော်”ဟု ဘန်ကောက်တက္ကသိုလ်တစ်ခုက ကျောင်းသူ ၁ ဦးက ဆိုသည်။
ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ မဟာချူလာ ဗုဒ္ဓတက္ကသိုလ်တွင် ကျောင်းလခသက်သာခြင်း၊ ဗီဇာရရှိရန်လွယ်ကူခြင်းနှင့် စာသင်ချိန်နည်းခြင်းကြောင့် လူအများအပြား လျှောက်ထားလျှက်ရှိသည်ဟုလည်း ၎င်းကဆိုသည်။
“တကယ်ဆိုရင် ဒီလိုကိစ္စရပ်တွေက တရားဝင်မှု (legitimacy) ကို လိုချင်တဲ့သူတွေ၊ ပြောနေတဲ့လူတွေ မြန်မာအစုအဖွဲ့တွေ၊ နိုင်ငံရေးအစုဖွဲ့တွေက သံတမန်နည်းလမ်း (diplomatic way) အရ ထိုင်းအစိုးရ CSO၊ NGOလို ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး အဖြေရှာတာမျိုးလုပ်သင့်တယ်လို့ မြင်တယ်”ဟု သုတေသီ ကို Kent Moron က ပြောသည်။
လက်ရှိတွင် ED Visa ကုန်ကျစရိတ်မှာ ၁ နှစ်ကို ခန့်မှန်း ခြေမြန်မာငွေကျပ် သိန်း ၅၀ ခန့်ကျသင့်နေပြီး ကျောင်း၊ တက္ကသိုလ်နှင့် ဘာသာရပ်များအလိုက် ကုန်ကျစရိတ်ကွဲပြားလျက်ရှိသည်ဟု သိရသည်။
ဓာတ်ပုံ – AFP
ပုံစာ – ပြည်ဝင်ခွင့်ဗီဇာရရန် ရန်ကုန်ရှိထိုင်းနိုင်ငံသံရုံးရှေ့ တန်းစီနေကြသူများ။ ပုံဟောင်း
****
Telegram – > https://t.me/ThanLwinKhetNews/4580
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9932