ဆေးဝါးစောင့်ရှောက်မှုမရ၍ ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် သေဆုံးသူ ၃ ဦးရှိလာ
******
သဇင်
မေလ ၁၁၊၂၀၂၄။
ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်၌ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိသဖြင့် ၃ လအတွင်း သေဆုံးသူ ၃ ဦးအထိရှိလာသည်ဟု မြန်မာနိုင်ငံလုံးဆိုင် ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် မေလ ၈ ရက်၊ ည ၈ နာရီခန့်တွင် အသက် ၃၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်း (ခ) လယ်ဝေးသည် ရောဂါပြင်းထန်လာချိန် အကျဉ်းထောင်ပြင်ပ ဆေးရုံသို့ရောက်ရှိချိန်၌ သေဆုံးခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က “အဓိကကတော့ စစ်ကြောရေးက ရရှိထားတဲ့ အတွင်းကြေဒဏ်ရာတွေကြောင့် ဆေးကုသမှုလိုအပ်နေတာကို ထောင်ပြင်ပဆေးရုံကို အချိန်နဲ့ တပြေးညီမပို့ ဆောင်ဘူး။ ကုသမှုမပေးခဲ့ဘူး။ နောက်ဆုံးအသက် သေ ဆုံးခါနီးမှ ပြင်ပဆေးရုံကိုထုတ်ခဲ့တယ်။ ဒါကြောင့်မို့လို့ အသက်ရွယ်အားဖြင့် လူငယ်နဲ့ လူလတ်ပိုင်းအရွယ်သာ ရှိသေးတဲ့ နိုင်ငံရေးအကျဉ်းသားက သေဆုံးခဲ့ရတာဖြစ်ပါတယ်” ဟုဆိုသည်။
ကိုလင်းလင်းထွန်းသည် ဖမ်းဆီးအကျဉ်းချခံရပြီးနောက် စစ်ကြောရေးကရရှိခဲ့သည့် ပြင်းထန်ဒဏ်ရာများကြောင့် ဒိုက်ဦးအကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု ရရှိရန် မကြာခဏတောင်းခံခဲ့သော်လည်း လုံလောက်သောဆေးဝါးစောင့်ရှောက်မှု ရရှိခဲ့ခြင်းမရှိဟု ၎င်းကဆက်ပြောသည်။
အသက်(၃၂)နှစ်အရွယ် ကိုလင်းလင်းထွန်းသည် ပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခံထားရသည့် လယ်ဝေးမြို့ ဒေသခံ ၁ ဦးလည်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်ကနေ မေလ ၈ရက်အထိ ၃ လတာကာလအတွင်း ဒိုက်ဦးအကျဉ်းထောင်၌ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိမှုကြောင့် အသက် ၃၂ နှစ်အရွယ် ကိုလင်းလင်းထွန်း အပါအဝင် ပုဒ်မ ၅၀၅ (က)/၁၄၂ ဖြင့် ထောင်ဒဏ် ၈ နှစ်အမိန့်ချမှတ်ခံထားရသူ အသက် ၆၈ နှစ်အရွယ် ဦးအေးဝင်း နှင့် ပုဒ်မ၅၀၅/၅၂(က)/၅၀(ည)တို့ဖြင့် ထောင်ဒဏ်(၁၄)နှစ်အမိန့်ချမှတ်ခံထားရသူ အသက် ၆၄ နှစ်အရွယ် ဦးခင်စိုးတို့ သေဆုံးခဲ့ရသည်ဟု PPNM ကဖော်ပြထားသည်။
ဒိုက်ဦးဗဟိုအကျဉ်းထောင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမပေးနိုင်သည့်အပြင် အကျဉ်းထောင်ပြင်ပကဆေးဝါးများ ပါဆယ်ပေးပို့လာရာတွင်လည်း အကန့်အသတ်ဖြင့်သာလက်ခံနေသည့်အတွက် နိုင်/ကျဉ်းများအပါအဝင် အကျဉ်းသားများ အသက်မသေဆုံးသင့်ဘဲ သေဆုံးခဲ့သည်ဟု နိုင်ငံ ရေးအကျဉ်းသားဟောင်း ၁ ဦးက ဆိုသည်။
၎င်းက “ထောင်ဆေးရုံမှာ ဘာဆေးဝါးမှလုံလုံလောက်လောက်မရဘူး။ ဘာရောဂါဖြစ်ဖြစ် ပါရာစီတမောပဲပေးတာ။ ထောင်ဆရာဝန်တွေကလည်း ထောင်ဆေးရုံမှာ အချိန်ပြည့်မရှိပါဘူး။ ထောင်ဝင်စာပါဆယ်တွေမှာ နိုင်ငံ ခြားဆေးဝါးတွေကို အကန်အသတ်နဲ့ပဲ လက်ခံတယ်။တချို့ထောင်တွေမှာဆိုရင် ဆေးဝါးပို့ခွင့်ကို ပိတ်ထားတယ်။ ဒါကြောင့်မို့ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ့်ဖာကိုယ် ဆေးဝါးသောက်လို့ရမယ့်ကိစ္စကို မသောက်ရဘဲနဲ့ ကြာလာတဲ့အခါ ရောဂါတွေပိုပြင်းထန်လာပြီး သေဆုံးရတာပါ” ဟု ဆိုသည်။
ယခုနှစ် ၂၀၂၄ခုနှစ်အတွင်း တစ်နိုင်လုံးအတိုင်းအတာအရ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိသည့် အတွက် သေဆုံးသူနိုင်ငံရေးအကျဉ်းသား ၈ ဦးအထိရှိလာခဲ့ပြီး ယမန်နှစ် ၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင်လည်း သေဆုံးသူနိုင်ငံရေးအကျဉ်းသား ၁၇ ဦးရှိခဲ့သည်ဟု PPNM ကကောက်ယူထားသည့် စာရင်းများအရသိရသည်။
ပုံစာ-ပဲခူးတိုင်း ဒိုက်ဦးဗဟိုအကျဉ်းထောင်။
ဓာတ်ပုံ – PPNM
****
Telegram – > https://t.me/ThanLwinKhetNews/4578
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9928