KIA ထိန်းချုပ်ထားသည့် ဆွမ်ပရာဘွမ်မြို့ကို စစ်ကောင်စီထိုးစစ်ဆင်
*****
ထွယ်
မေ ၁၁၊ ၂၀၂၄။
ကချင်လွတ်လွပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်များထိန်းချုပ်ထားသည့် ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လျက်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
ပူတာအိုမြို့ရှိ အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆွမ်ပရာဘွမ်မြို့ကို စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA နှင့် Kagabu People’s Force – KPF ရဲဘော်တို့က ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဆွမ်ပရာဘွမ်မြို့မှ မိုင် ၅၀ ကျော် အကွာရှိ တန်ဂျာကျေးရွာအကျော်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ရှေ့တန်းရဲဘော် ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ခြေလျင်ပါ။ နောက်မှာတော့ ကားတွေပါတယ်။ ဖြည်းဖြည်းချင်း ဆင်းလာတာပါ။ သူတို့တော့ထိတယ်၊ တော်လှန်ရေးဘက်က ထိခိုက်မှု မရှိဘူး” ဟုပြောသည်။
ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့တိုက်ခိုက်ခံရသည့်နေရာတွင် ခေတ္တနားကာ ဆွမ်ပရာဘွမ်မြို့ကို ဆက်လက်ထိုးစစ်ဆင်မည့် အနေအထားရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ပူတာအိုဗျူဟာကုန်းကို လေကြောင်းဖြင့် စစ်အင်အားဖြည့်တင်းလျက်ရှိသည်ဟုလည်း သိရသည်။
KIA နှင့်ပူးပေါင်းတပ်များသည် စစ်ကောင်စီတပ်နှင့် ၂ လကြာတိုက်ခိုက်ပြီးနောက် ဆွမ်ပရာဘွမ်မြို့ကို မေလ ၅ ရက်က အပြီးတိုင် ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ မေလ ၉ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှစ်ပေါင်း ၃၀ ခန့်တပ်စွဲခဲ့သည့် ဆွမ်ပီယာန်ကျေးရွာနှင့် ဆွမ်ပရာဘွမ်မြို့အကြားရှိ ဖုန်းချန်တပ်စခန်းကို KIA နှင့် Kagabu People’s Force – KPF ရဲဘော်များက မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ရှေ့တန်းရဲဘော်ထံက သိရသည်။
အဆိုပါ ဖုန်းချန်တပ်စခန်းသည် ကချင်လွတ်လပ်ရေးတပ်မတော် – KIA ၏ တပ်မဟာ ၁ နယ်မြေ၊ တပ်ရင်း ၇ တွင်တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ကိုယ်တိုင် စခန်းစွန့်ခွာသွားခြင်းဖြစ်ကာ KIA နှင့်ပူးပေါင်းတပ်က လိုက်လံရှင်းလင်း ရှာဖွေရေး ပြုလုပ်နေဆဲ ဖြစ် သည်ဟု ရှေ့တန်းရဲဘော်က ပြောသည်။
ပုံစာ – ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီတပ်စခန်း တိုက် ခိုက်သိမ်းပိုက်ပြီးနောက် မြင်တွေ့ရသည့် စစ်ကောင်စီ၏ ရုပ်အလောင်း။