ကသာမြို့နယ်ကို စစ်ကောင်စီလေတပ်ဗုံးကြဲတိုက်ခိုက်
*****
ထွယ်
ဧပြီ ၂၆၊ ၂၀၂၄။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီလေတပ်က ယနေ့မွန်းလွဲ ၁၂ ခွဲဝန်းကျင်၌ ဂျက်ဖိုက် တာဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကသာမြို့အရှေ့ဘက် မြိုင်သာယာကျေးရွာက ဒေသခံပြည်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြိုင်သာယာကျေးရွာကို ဗုံးကြဲသွားခြင်းဖြစ်သည်ဟု ကာကွယ် ရေးတပ်ဖွဲ့ဝင် အမျိုးသမီး ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “တိုက်ပွဲမရှိ၊ တော်လှန်ရေးသမား မရှိ၊ ပြည်သူတွေချည်းပဲ။ တစ်ကြိမ်မှာ ၂ လုံးချတာ” ဟု ပြောသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြိုင်သာယာကျေးရွာက ဒေသခံအမျိုးသား ကိုပေါက်ဆိုသူ ပေါင်တွင် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသည်ဟု သိရသည်။ ထို့ပြင် ဂျက်မြသောင်း ဆိုသူမှာလည်း ဦးခေါင်း ဒဏ်ရာရှိခဲ့ပြီး အမျိုးသမီး ၁ ဦးကတော့ လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ပြောသည်။
စစ်ကောင်စီလေတပ်၏ဗုံးကြဲမှုကြောင့် ကျေးရွာမူလတန်းကျောင်း ခေါင်မိုးများပျက်စီးသွားသည့်အပြင် ဒေသခံ ပြည်သူတို့၏နေအိမ်များ မီးလောင်ပျက်စီးသွားကာ ခေါင်မိုးများလည်း ပျက်စီးသွားခဲ့သည်ဟုသိရသည်။
စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်စပ် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်ကို လေကြောင်းဖြင့်သာ ဗုံး ကြဲတိုက်ခိုက်နေပြီး ယခုနှစ် ဧပြီလ ၁၅ ရက်နှင့် ၁၆ ရက်တွင်လည်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဒေသခံပြည်သူတို့၏ ဆန်စက်နှင့် ကုန်တင်ကားမျာပျက်စီး၍ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကသာမြို့နယ်ရှိ မြိုင်သာယာကျေးရွာဆိုသည်မှာ ကသာမြို့နှင့် ဧရာဝတီမြစ်အရှေ့ဘက်တွင်တည်ရှိပြီး ကသာ – မန္တလေး ကားလမ်းမကြီး၏ မြောက်ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိသည့်ကျေးရွာဖြစ်သည်။
ထို့ပြင် မြိုင်သာယာကျေးရွာသည် ကသာခရိုင်၊ ကသာမြို့နယ်၊ ဒုံးအော့ကျေးရွာအုပ်စုတွင်ပါဝင်ကာ ၂၀၁၄ သန်း ခေါင်စာရင်းအရ အိမ်ထောင်စု ၄၀၀ ခန့်ရှိပြီး လူဦးရေ ၂,၀၀၀ ခန့် နေထိုင်သည့် ကျေးရွာဖြစ်သည်။
ကသာမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ တပ်ရင်း ခလရ – ၃၀၉ တွင် နေထိုင်လျက်ရှိပြီး မြို့တွင်း၌သာ ကင်းလှည့်ကြကာ မြို့ပြင်ဘက် မထွက်လာနိုင်တော့ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပုံစာ – စစ်ကောင်စီလေတပ်၏ တိုက်လေယာဉ် ၂ စင်း။ (ပုံဟောင်း)
************
Telegram – > https://t.me/ThanLwinKhetNews/4466
YouTube -> https://youtu.be/DEtRcu9PBI4
Website -> https://thanlwinkhet.net/?p=9614